စစ်ကောင်စီတပ် သုံ့ပန်းများကို ခြောက်ပေါက် ( ခြေထိပ်တုံးခတ်) နှင့်ခတ်ကာ ထိန်းသိမ်းထား

RNA_စက်တင်ဘာ ၁၂၊၂၀၂၂ခုနှစ်။

ကရင်ပြည်နယ်၊ မြဝတီ – ဝေါ်လေ ကားလမ်းမအတိုင်း ကျူးကျော်လာသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၂) မှ ဗိုလ်ကြီး ရဲရင့်မောင် ဦးစီးသော စစ်ကောင်စီ တပ်ဖွဲ့ဝင် (၆) ဦးကို ခြောက်ပေါက် (ခြေထိပ်တုံးခတ်) နှင့်ခတ်ကာ ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ် တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၂) မှ ဗိုလ်ကြီး ရဲရင့်မောင် ဦးစီးသော စစ်ကောင်စီ တပ်ဖွဲ့ဝင် (၆) ဦးနှင့်အတူ လက်နက်ခဲယမ်းများနှင့်အတူ စက်တင်ဘာလ (၉) ရက်နေ့က လူခို့ အနီးတွင် ကရင့် အမျိုးသားလွတ်မြောက်ရေးတပ်မ‌တော် တပ်ရင်း (၂၇) နှင့် ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့မှ ဖမ်းဆီး ရမိခဲ့သည်။

” စစ်သုံ့ပန်းကိုတော့ ဂျီနီဗာကွန်ဗားရှင်းနဲ့ အညီကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်၊ အခု သူတို့ကို ကရင့် အမျိုးသားလွတ်မြောက်ရေးတပ်မ‌တော် တပ်ရင်း (၂၇)ကို အပ်လိုက်ပါပြီ၊ လောလောဆယ်တော့ ခြောက်ပေါက်နဲ့ထားရတာပေါ့၊ ပုံမှန်ကျွေးမယ်ကျန်းမာရေး ဂရုစိုက်ပေးတယ်၊ နောက်ပိုင်း သူတို့အပေါ်မူတည်ပြီးတော့ မိသားစုနဲ့တွေ့ချင်ရင် ပေးတွေ့မယ်၊ အခြေအနေပေါ် မူတည်တာပေါ့” ဟု ကော်ဘရာစစ်ကြောင်းမှ ပြောရေးဆိုခွင့်ရှိသူ ကိုမျိုးသူရကိုကိုမှ Red News Agency ကို ပြောသည်။

ခမရ (၁၀၂) မှ ဗိုလ်ကြီး ရဲရင့်မောင် ဦးစီးသော စစ်ကောင်စီ တပ်ဖွဲ့ဝင် (၆) ဦးနှင့်အတူ MA – 3 (၂)လက်၊ MA – 1 (၁)လက်၊ MA – 2 (၁)လက်၊ MA (4) (၁) လက်၊ MA (5) (၁)လက်၊ ကျည်ဘောက် (၁၇) ခု၊ ကျည်ဘောက်အဝိုင်း (၁)ချပ်၊ လက်ပစ်ဗုံး (၂)လုံး၊ BSA (1) စကုတ် (၁) ခု၊ ၅.၅၆ ကပစ ကျည် (၆၀၀)တောင့်၊ (၄၀) မမ ဗုံးသီး (၂၀၀) လုံး၊ (၆၀) မမ ဗုံးသီး (၂၀၀) လုံး၊ ရိက္ခာခြောက် ခေါက်ဆွဲ အိတ် (၁၂) အိတ်တို့အား သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်သည်။

Red News Agency

By Editor