BNRA အဖွဲ့မှ ထုတ်ပေးသော လက်နက်များ ပကဖထံ အပ်နှံရမည်

RNA_ဖေဖော်ဝါရီ(၁၉)၊၂၀၂၆ခုနှစ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – BNRA မှ ထုတ်ပေးထားသည့် လက်နက်များကိုင်ဆောင်သည့် ရဲဘော်များအနေဖြင့် မိမိတို့နေထိုင်ရာ ခရိုင်/မြို့နယ် ပကဖ အဖွဲ့များထံသို့ ချိတ်ဆက်၍ ဆက်စပ်ပစ္စည်းများကို လာရောက်အပ်နှံရန် ယနေ့ (ဖေဖော်ဝါရီ ၁၉ ရက်) ယင်းမာပင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

BNRA အဖွဲ့အစည်းမှ ထုတ်ပေးထားသော လက်နက်များနှင့် ဆက်စပ်ပစ္စည်းများကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ဖျောက်ဖျက်ထားခြင်း၊ ဖျက်စီးခြင်းများ မပြုလုပ်ကြရန်နှင့် ပြုလုပ်သူများ စစ်ဆေးပေါ်ပေါက်ပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သက်ဆိုင်ရာ ရပ်ကျေး၊တိုက်နယ် ပကဖ/ပအဖ များအနေဖြင့် မိမိတို့နယ်မြေအတွင်း အခြေချနေထိုင်သော BNRA ရဲဘော်များရှိပါက သတင်းစကားပါး၍ ခရိုင်/မြိုနယ် ပကဖ တာဝန်ခံများနှင့် ချိတ်ဆက်ပေးကြရန်၊ ကနီ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲမြို့နယ် ပကဖ/ပအဖ (အားလုံး) ထံအကြောင်းကြားထားကြောင်း သိရသည်။

BNRA ခေါင်းဆောင် ဗိုလ်နဂါးသည် ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ညနေပိုင်းက အာဏာသိမ်းစစ်တပ်ထံ လက်နက်ချအညံ့ခံခဲ့သည့်အတွက် ဒေသတွင်းမှာ BNRA အဖွဲ့ဝင်များ ရှိသေးသည့်အတွက် NUG / ယင်းမာပင်ခရိုင် ပကဖက လက်နက်ကိစ္စနှင့်ပတ်သက်ပြီး ထုတ်ပြန်ထားခြင်းဖြစ်ပြီး၊ ဒေသတွင်း BNRA နှင့်ပတ်သက်သည့် ခေါ်ဆောင်ပိုင်းများ ရှိနေသေးသည်ဟု ယူဆကာ လိုက်လံဖမ်းဆီးမှုများ ရှိနေကြောင်း သိရသည်။

#REDNEWS #RNA #RedNewsAgency

By RNA Editor