ဒေါ်ကြည်ပြာအနေဖြင့် ဝန်ထမ်းများအပေါ် ချိုသာစွာပြောဆိုဆက်ဆံရန် NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးက ပြင်းထန်စွာသတိပေး

RNA_ဖေဖော်ဝါရီ(၁၈)၊၂၀၂၆ခုနှစ်။

အဂတိလိုက်စားမှု၊ အလွဲသုံးစားမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများဖြင့် တိုင်ကြားခံရသော NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အတွင်းဝန် ဒေါ်ကြည်ပြာကို NUG ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးက နောက်နောင် ဝန်ထမ်းများအပေါ် ချိုသာစွာ ပြောဆို ဆက်ဆံရန် ပြင်းထန်စွာသတိပေးလိုက်ကြောင်း ယနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) ညပိုင်းတွင် ထုတ်ပြန်ကြေညာလိုက်သည်။

စုံစမ်းစစ်ဆေးမှုများအရ “ဒေါ်ကြည်ပြာအနေဖြင့် နောက်နောင်တွင် ဝန်ထမ်းများအပေါ် ချိုသာစွာပြောဆို ဆက်ဆံမှု မရှိခြင်းကို မပြုလုပ်ဘဲ ချိုသာစွာပြောဆိုဆက်ဆံရန် ပြင်းထန်စွာသတိပေးလိုက်သည်” ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပြောကြားထားသည်။

တိုင်ကြားမှုများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့စွဲဖြင့် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို ပြည်ထောင်စုဝန်ကြီးချုပ်ထံ တင်ပြခဲ့ကြောင်း၊ အစီရင်ခံစာတွင် ဒေါ်ကြည်ပြာအနေဖြင့် ဝန်ထမ်းများအပေါ် နှုတ်ဖြင့်ချိုသာမှုမရှိဘဲ ပြောဆိုဆက်ဆံသည်ကို တွေ့ရှိရကြောင်း၊ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ တိုင်ကြားသူများဘက်မှ သက်သေပြနိုင်ခြင်းမရှိကြောင်း၊ တိုင်ကြား ခံရသူဘက်မှ ဘဏ္ဍာရေးဆိုင်ရာ စာရင်းဇယားများ၊ စာရင်းစစ်အစီရင်ခံစာများ တင်ပြခဲ့ကြောင်း၊ NUG စာရင်းစစ်ချုပ်ရုံး အစီအရင်ခံစာနှင့် ပြင်ပစာရင်းစစ် တင်ပြချက်များ အရ အဂတိလိုက်စားမှု မတွေ့ရှိရဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ထမ်း ကိုဖြိုးပါ (၁၂) ဦးတို့က အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်း အတွင်းဝန် ဒေါ်ကြည်ပြာနှင့် ခင်ပွန်းတို့အပေါ် အဂတိလိုက်စားမှု၊ အလွဲသုံးစားမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတို့အတွက် ထိရောက်စွာ အရေးယူရန် နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီးချုပ်တို့အား လိပ်မူ၍ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့ ရက်စွဲဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

#REDNEWS #RNA #RedNewsAgency

By RNA Editor