RNA_မတ်(၂၉)၊၂၀၂၅ခုနှစ်။
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်၊ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် အင်အား ၇.၇ ပမာဏရှိ အလွန်အင်အားပြင်း ငလျင် (Major Earthquake) လှုပ်ခတ်ခဲ့သည့်အတွက် အမေရိကန်အစိုးရ ဘူမိဗေဒ စစ်တမ်း (USGS) ထုတ်ပြန်ချက်အရ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူဦးရေ ၁၀,၀၀၀ မှ ၁၀၀,၀၀၀ ကြားရှိနိုင်သည်ဟု သိရသည်။
အဆိုပါ ငလျင်သည် မြေအောက်အနက် ၁၀ ကီလိုမီတာတွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ဇောက်တိမ်အမျိုးအစား ငလျင်ဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ထိုင်းနှင့် တရုတ်နိုင်ငံတို့တွင် သက်ရောက်မှုများ ရှိခဲ့ကြောင်း၊ ပထမကြိမ်ငလျင်လှုပ်ခတ်ပြီး ၁၂ မိနစ်ခန့်အကြာ စစ်ကိုင်းမြို့၏ တောင်ဖက် ၁၈ ကီလိုမီတာခန့်အကွာ အင်းဝဒေသ၊ တံတားဦးလေဆိပ်အနီးတွင် ဗဟိုပြု၍ အင်အား ၆.၄ ဖြင့် အသင့်အတင့် အင်အားပြင်းသည့် ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပါသည်ဟု NUG က ထုတ်ပြန်ထားသည်။
ငလျင်လှုပ်ခတ်မှုများကြောင့် မြန်မာနိုင်ငံဒေသအနှံ့အပြားရှိ ပြည်သူများ ထိခိုက် ဒဏ်ရာရရှိခြင်း၊ အသက်ဆုံးရှုံးခြင်း၊ အိုးအိမ်အဆောက်အဦများနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ပျက်ဆီးဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်နေပြီး၊ ထိခိုက်ပျက်စီးမှုများသည့် မန္တလေးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့သွားရောက်နေသည်။
မန္တလေးနှင့် စစ်ကိုင်းတွင် ငလျင်ကြောင့် သေဆုံးမှုများပြားခဲ့ပြီး၊ ဆက်သွယ်ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းရှားပါးမှုများကြောင့် ယခုအချိန်ထိ ပိတ်မိနေသူများရှိကြောင်း စစ်ကိုင်းဒေသခံများနှင့် မန္တလေးဒေသခံများထံမှ သိရသည်။
#RedNewsAgency #REDNEWS #RNA