စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ကျပင်းမြောက်ရွာသား (၄) ဦးကို နှိပ်စက်သတ်ဖြတ်

RNA_မတ်(၂၄)၊၂၀၂၅ခုနှစ်။
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကျပင်းအုပ်စု၊ ကျပင်းမြောက်ရွာမှ ကျေးရွာသား (၄) ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်စစ်ကြောင်းသည် မတ်လ ၁၀ ရက်နေ့က ကျပင်းမြောက်ရွာသို့ ဝင်ရောက်လာပြီး အရပ်သား (၇) ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများထဲမှ အသက် ၇၀ ဝန်းကျင်ရှိ ဦးဗိုလ်ရွှေနှင့် ဦးမြင့်ဆွေကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း၊ ကျပင်းတောင်ရွာမှ ကိုသန်းမြတ်စိုးသည် ထွက်ပြေးလွှတ်မြောက်ခဲ့သော်လည်း ကျန် (၄) ဦးသည် ရက်ရက် စက်စက် အသတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံထံမှ သိရသည်။
သေဆုံးသူများ၏ အလောင်းများကို ကျပင်း အ.ထ.က ကျောင်းဝင်း ၏ အရှေ့တောင်ထောင့် အိမ်သာကျင်းအဟောင်းထဲတွင် သစ်တိုသစ်စများဖုံးအုပ်၍ ထားရှိခဲ့သည်ကို တွေ့ရရှိရပြီး၊ အလောင်းများတွင် လက်ပြန်ကြိုးတုပ်လျှက်အပြင် အသားများလှီးထားခြင်း၊ လည်ပင်းလှီးထားခြင်းတို့ကို တွေ့ရှိရကြောင်း၊ စာသင်ကျောင်းရှိ အခန်းတခုထဲတွင် ကျင်စက်များတပ်ဆင်ထားသည်ကိုတွေ့ရှိရသဖြင့် သေဆုံးခဲ့ရသူများသည် အင်မတန်ရက်စက်ယုတ်မာစွာ မသေမခြင်း နှိပ်စက်သတ်ဖြတ်ခံခဲ့ရသည်ဟု ဒေသခံများက သုံးသပ်ထားသည်။
စစ်ကောင်စီတပ်စစ်ကြောင်းမှ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရသူများမှာ ကိုသက်‌နောင်ထွန်း (အသက် ၃၉နှစ်)၊ ဦးမင်းခိုင် (လေဖြတ်နေ – အသက် ၅၀နှစ်)၊ ဦးအောင်ဆန်းမြင့် (အသက် ၅၀ နှစ်)၊ ဦးဝင်းဗိုလ် (အသက် ၆၀ နှစ်ခန့်) တို့ဖြစ်သည်။
By RNA Editor