ပုလဲမြို့သိမ်း တိုက်ပွဲမြင်ကွင်း

RNA_နိုဝင်ဘာ(၂၀)၊၂၀၂၄ခုနှစ်။
 
စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲကို ဗိုလ်နဂါးဦးဆောင်သော BNRA၊ Southern Yesagyo (SYSO)၊ Generation Z Army (GZA) တို့ပူးပေါင်းပြီး နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်ပြီး ၄၈ နာရီအတွင်းမြို့သိမ်းနိုင်ခဲ့သော်လည်း နိုဝင်ဘာလ ၁၄ ရက် စစ်ဆင်ရေး စတုတ္ထရက်မြောက် ညနေပိုင်းတွင် ဆုတ်ပေးခဲ့ရသည့် မြို့သိမ်းတိုက်ပွဲအတွင်း ရုပ်သံမှတ်တမ်းကို ယနေ့ ထုတ်ပြန်ထားသည်။

“တိုင်းရင်းသားလက်နက်ကိုင်များမပါသော မြေပြန်တိုက်ပွဲများအတွင်း ပုလဲမြို့သိမ်းတိုက်ပွဲသည် အကြီးဆုံးလို့ ပြောရမှာပါ။ အရင်ကတိုက်ပွဲတွေလိုက်ဖူးတယ် ဒီလောက်ဘယ်ကြီးမလဲ ပစ်ပြေးတယ်၊ စခန်းသိမ်းနိုင်တယ်ဆိုလည်း သိမ်းပြီးပြန်ဆုတ်ရတယ်။ အခုဟာက လေကြောင်းတိုက်ခိုက်မှုက တော်တော်ကြမ်းတာ၊ ပြီးတော့ ရက်ကြာတယ်လို့လဲ ပြောရတယ်။ ပုလဲမြို့နယ်ထဲမှာတော့ အကြီးဆုံးတိုက်ပွဲပါ” ဟု ပုလဲမြို့နယ်ဒေသတွင်းမှ ပြည်သူတဦးက ပြောပြထားသည်။
 
ပုလဲမြို့သိမ်းတိုက်ပွဲ ၄ ရက်အတွင်း စစ်ကောင်စီတပ်မှ လေတပ်ကိုအသုံးပြုပြီီးလေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ် (၇၀) ကျော်ပြုလုပ်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်သုံ့ပန်း (၂၅) ဦးဖမ်းဆီးရမိကြောင်း၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိကြောင်း၊ မြို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း တိုက်ပွဲ စတုတ္ထမြောက်နေ့ညနေပိုင်းတွင် ဆုတ်ပေးခဲ့ရသည်ဟု BNRA ကထုတ်ပြန်ထားသည်။
#RedNewsAgency #AhNyar #REDNEWS #RNA

By RNA Editor