RNA_နိုဝင်ဘာ(၂၁)၊၂၀၂၄ခုနှစ်။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာအရှေ့ဘက်တွင် အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းအား လူထုတော်လှန်ရေးမဟာမိတ် အင်အားစု (PRA-Magway) ရဲဘော်များက နိုဝင်ဘာ ၂၀ ရက်နေ့ ညနေ ၄ နာရီခန့်က ခြုံခိုက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို PRA-Magway ရဲဘော်များက ၁၅ မိနစ်ခန့် ခြုံခိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ တပ်ကြပ်ကြီးအဆင့် အပါအဝင် (၉) ဦးသေဆုံး (၁၀) ဦးခန့် ဒဏ်ရာရရှိကြောင်း တိုက်ပွဲအတွင်းမြင်တွေ့ခဲ့ရသည်ဟု PRA-Magway၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Red News Agency အနေဖြင့် သီးခြားအတည်ပြုထားနိုင်ခြင်းမရှိကြောင်း အသိပေးအပ်ပါသည်။
ခြုံခိုတိုက်ခိုက်ခံရသော အင်အား ၄၀ ခန့်ရှိစစ်ကြောင်းသည် မစခ ၉၀၅ လက်အောက်ခံ တပ်များနှင့် ပေါ်တာဆွဲခံရသည့် သင်တန်းဆင်းတပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်းထားသော စစ်ကြောင်းဖြစ်ကြောင်း၊ ပဒါန်း-အမ်း လမ်းပိုင်းထိန်းချုပ်ရေးသည် လူထုတော်လှန်ရေးမဟာမိတ် အင်အားစုမှ ချမှတ်ထားသော စစ်ရေးရည်မှန်းချက်၏ ရှေ့ပြေးလှုပ်ရှားမှုဖြစ်ပြီး ၎င်းမှတဆင့် ကျယ်ပြန့်သော စစ်ဆင်ရေးများကို ဖော်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#RedNewsAgency #RNA #REDNEWS #AhNyar