တိုက်ပွဲမဖြစ်ပွားရေး ဝင်ရောက်ညှိနှိုင်းပေးသည့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ကျည်ထိ

RNA_ဖားကန့်၊ စက်တင်ဘာ (၉)၊ ၂၀၂၄ ခုနှစ်။

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအတွင်း ပိတ်မိနေသော စစ်ကောင်စီတပ်သားများ ထွက်ခွင့်ရရေးနှင့် KIA/KPDF တိုက်ပွဲမဖြစ်ပွားရေးအတွက် ယနေ့ ညှိနှိုင်းမှု သွားရောက်ပြုလုပ်သည့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးယွပ်ဇော်ခေါင် ပေါင်တွင် သေနတ်ကျည်ထိကာ ညှိနှိုင်းမှု အဆင်မပြေခဲ့ဟု သိရသည်။

စက်တင်ဘာ (၆) ရက်နေ့ည (၁၂)နာရီ‌‌ခန့်တွင် စစ်ကောင်စီတပ် စစ်ကြောင်းက လက်နက်ကြီး လက်နက်ငယ်များပစ်ခတ်ကာ ဆိပ်မူကျေးရွာအတွင်း ဝင်ရောက်ခဲ့ပြီး Lucky Man Hotel & KTV ကို ဝင်စီးခဲ့ရာ ဟိုတယ်အတွင်းမှ KIA/KPDF အချို့ ပစ်ခတ်ဖမ်းဆီးခံခဲ့ရသည့် အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဖမ်းဆီးခံထားရသည့် KIA/KPDF အချို့ကို လွတ်ပေးပြီးနောက် စစ်ကောင်စီလက်အောက်ခံများ ရွာအတွင်းပိတ်မိနေခြင်း ဖြစ်ကြောင်းသိရသည်။

 

ယနေ့ နံနက်ပိုင်းတွင် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ခေါင်းဆာင်တစ်ဦးဖြစ်သည့် ဦးယွပ်ဇော်ခေါင်နှင့် ဒေသတွင်း ကျောက်မျက်လုပ်ငန်းရှင်အချို့ ဟိုတယ်သို့သွားရောက်ကာ ပြေလည်မှုရရန် ညှိနှိုင်းစဉ် ပြေလည်မှုမရရှိသေးခင် နှစ်ဖက် ပစ်ခတ်မှုများကြား၌ ဘယ်ဘက်ခြေထောက် ပေါင်တွင် ကျည်ထိဒဏ်ရာရခဲ့ကြာင်း သိရသည်။

စစ်ကောင်စီတပ်က ဟိုတယ်တွင်း ဝင်စီးစဉ် အပြန်အလှန်ပစ်ခတ်မှုများအတွင်း KIA/KPDF ရဲဘော်အချို့နှင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးခဲ့သည်ဟု ဆိပ်မူကျေးရွာမှ စစ်ရှောင်လာသူအချို့ထံမှသိရပြီး၊ဒေသတွင်း သတင်းများတွင် ဟိုတယ်ရှေ့၌ လဲကျသေဆုံးနသူ (၄) ဦးအားတွေ့ရပြီး စစ်ကောင်စီတပ်က အနီးဝန်းကျင်တလျှောက် မဲမဲမြင်ရာ ပစ်ခတ်မှုလည်း ရှိနေပြီး ဖားကန့်ဗျူဟာကုန်းမှလည်း လက်နက်ကြီးပစ်ကူ တရစပ်ပေးနေခဲ့သည်ဟု သိရသည်။

ညှိနှိုင်းမှု အဆင်မပြေသည့်နောက်တွင် နှစ်ဖက် လက်နက်ကြီး လက်နက် ငယ်များဖြင့် တရစပ် ပစ်ခတ်မှုများဖြစ်ပါ်ခဲ့ပြီး ဆိပ်မူကျေးရွာ ပြည်သူထောင်ချီပြီး စစ်ဘေးရှောင်ခဲ့ကြရကြောင်း၊ ယနေ့ နံနက်ပိုင်း၌ပင် ပစ်ခတ်သံများ ပြန်လည်ငြိမ်သက်နေကြောင်း၊ လက်ရှိတွင် စစ်ကောင်စီတပ်နှင့် KIA/KPDF တို့အကြား စစ်ရေးတင်းမာနေပြီး ဆိပ်မူကျေးရွာမှ ပြည်သူများ တစ်ရွာလုံး အမြန်ဆုံးစစ်ရှောင်ကြရန် KPDF ရဲဘော်များက လော်စပီကာစသည်တို့ဖြင့် လိုက်လံအော်ဟစ် သတိပေးနေကြောင်း သိရသည်။

စက်တင်ဘာလ (၅) ရက်နေ့က ဖားကန့်မြို့ မရှီက‌ထောင်ရပ်ကွက်၊ အောင်မြေကွက်သစ်အပိုင်း နောက်ကျောရှိ တောင်ကုန်းပါ်တွင် တောတွင်းမှ ရောက်ရှိလာသော စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခု တပ်စွဲခဲ့သည့်အတွက် အောင်မြေကွက်သစ်အပိုင်း၊ ထုံးဘို၊ ယူမာနှင့် ဂျမ်ကပ်ကျေးရွာတို့မှ ပြည်သူများ စစ်ရှောင်ခဲ့ကြရကြောင်း၊ စက်တင်ဘာ ၆ ရက်နေ့တွင် ယင်းစစ်ကြောင်းမှ ဆိပ်မူကျေးရွာအတွင်း ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

#RedNewsAgency #RNA

By Editor