ဗကသများအဖွဲ့ချုပ်ဝင် ရဲဘော်မြင့်မြတ်ဦး သတ်ခံရသည့်ကိစ္စ အမြန်ဆုံးဖြေရှင်းပေးရန် NUG ကိုနောက်ဆုံးအကြိမ် တောင်းဆိုသတိပေး

RNA_ဇူလိုင်(၁၀)၊၂၀၂၄ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင်နေထိုင်သော ဝက်လက်မြို့နယ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ရဲဘော်မြင့်မြတ်ဦး (အသက် ၁၆ နှစ်) ရွာပြင်သုဿာန်မှ အင်တာနက်သုံးပြီး အိမ်ပြန်လမ်းတွင် လည်ပင်းကို လှီးဖြတ် သတ်ခံရမှုနှင့်ပတ်သက်ပြီး NUG ကို ဗကသများအဖွဲ့ချုပ်က နောက်ဆုံးအကြိမ် တောင်းဆိုအသိပေး အိတ်ဖွင့်ပေးစာ ပို့ထားသည်။

အမျိုးသားညီညွတ်ရေး အစိုးရ- NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ အမြန်ဆုံးတွေ့ဆုံ စကားပြောဖြေရှင်းပေးရန် ဗကသများအဖွဲ့ချုပ်က တောင်းဆိုထားပြီး၊ ရဲဘော်မြင့်မြတ်ဦး သတ်ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး ဝက်လက်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းလည်ပတ်မှုများအပေါ် မေးခွန်းထုတ်သည့် ကြေညာချက်ကိုလည်း ယနေ့ ထုတ်ပြန်ထားသည်။

“NUG အနေနဲ့ကတော့ သူ့ကိုယ်သူ အစိုးရပါလို့ ယုံကြည်ရင် ဒါကိုရှင်းပေးနိုင်မယ်ထင်ပါတယ်။ ခေတ်အဆက်ဆက်မှာ ကျနော်တို့က အစိုးရတိုင်းကို မဖြေရှင်းရင် နောက်ဆက်တွဲတာဝန်ယူဖို့ စာတွေပို့ဖူးပါတယ်။ တကယ်ကို မဖြေရှင်းပေးရင် နောက်ဆက်တွဲ Action တွေကို ကျနော်တို့က မပြတ်မကွက်ကို လုပ်တတ်ပါတယ်။ ဒါကြောင့်မလို့ ဘာဆက်လုပ်မလဲဆိုတာက NUGပေါ်မူတည်ပါတယ်” ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးကပြောသည်။

အသက် (၁၆) နှစ်အရွယ် ရဲဘော်မြင့်မြတ်ဦးသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက် ညပိုင်းတွင် လူမဆန်စွာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရခြင်းဖြစ်ကြောင်း၊ ဗကသများအဖွဲ့ချုပ်အနေဖြင့် ဤမတရားသတ်ဖြတ်မှုကို မည်သူကျူးလွန်သည်ဖြစ်စေ တရားခံကို အပြစ်ရှိသည့်အတိုင်း အပြစ်ပေးအရေးယူကာ ရဲဘော်မြင့်မြတ်ဦးအတွက် တရားမျှတမှုရရှိရေးကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


“တရားဝင်စွပ်စွဲတာမျိုး မလုပ်ရသေးပါဘူး။ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစကားပြောဖို့ကိုပဲ ပိုအာရုံထားနေပါတယ်။ အခုအချိန်ထိတောင် ပညာရေးဝန်ကြီးဌာနကလွဲရင် ကျန်နှစ်ခုက သူတို့မသိသလိုအချိုးမျိုးနဲ့ ဆက်သွယ်တာ၊ စကားစတာ မရှိသေးပါဘူး။ ခေတ်အဆက်ဆက် ကျောင်းသားသမဂ္ဂတွေက မူဝါဒပေါ်ရပ်တည်လို့ခိုင်မြဲတာပါ။ ကျနော်တို့အခုမျိုးဆက်မှာလည်း မူဝါဒနဲ့ပဲ အလုပ်လုပ်ပါတယ်” ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးကပြောသည်။

မကြာသေးမီကပင် ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်များနှင့် ဆက်စပ်သူများအပေါ် ပစ်မှတ်ထား ဖိနှိပ်မှုများရှိခဲ့ကြောင်း၊ ကြားကာလအမျိုးသားညီညွှတ်ရေးအစိုးရ၏ လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်ဆိုသူများ၏ ထိုကဲ့သို့သော အာဏာရှင်ဆန်သည့်လုပ်ရပ်များကို ဗကသများ အဖွဲ့ချုပ်အနေဖြင့် ပြင်းပြင်းထန်ထန် ရှုံ့ချသည်ဟု ယနေ့ထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားသည်။

Red News Agency

By Editor