မုံရွာမြို့နယ် ပလဖ အဖွဲ့ဝင်များ မူးယစ်သောက်စား ရမ်းကားမှုအတွင်း ကျောင်းဆရာမတစ်ဦး ကိုယ်ဝန်ပျက်ကျ

မုံရွာမြို့နယ် ပလဖ အဖွဲ့ဝင်များ မူးယစ်သောက်စား ရမ်းကားမှုအတွင်း ကျောင်းဆရာမတစ်ဦး ကိုယ်ဝန်ပျက်ကျ

RNA_ဧပြီ(၂၅)၊၂၀၂၄ ခုနှစ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) အဖွဲ့ဝင်များ မုံရွာမြို့နယ်နှင့် မြင်းမူမြို့နယ်အစပ်က ကျေးရွာတရွာအတွင်းရှိ စာသင်ကျောင်းအတွင်း မူးယစ်သောက်စား သေနတ်ဖောက်ရမ်းကားမှုအတွင်း အသက် (၂၄) နှစ်အရွယ် စေတနာ့ဝန်ထမ်း ဆရာမတဦး ကိုယ်ဝန်ပျက်ကျခဲ့ရသည်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က မုံရွာမြို့နယ် ပလဖ အဖွဲ့ဝင်များသည် မော်တော်ယာဉ် (၉) စီး၊ ဆိုင်ကယ် (၆) စီးဖြင့် အင်အား ၁၀၀ ခန့်ပါယာဉ်တန်းဖြင့် မြင်းမူမြို့နယ်အစပ်က ကျေးရွာတရွာမှ NUG ပညာရေးဝန်ကြီးဌာအောက်ရှိ စာသင်ကျောင်းအတွင်း ဝင်ရောက်ကာ သောက်စားမူးယစ်ကာ ရမ်းကားနေသည့်အတွက် စာမေးပွဲဖြေနေသည့် ကလေးများ စာမေးပွဲဖြေမရအောင်ထိ အနှောက်အယှက်ပေးနေသည့်အတွက် ကျေးရွာ တာဝန်ခံ ပအဖ၊ ပကဖ များညှိနှိုင်းနေစဉ်အတွင်း ပလဖ အဖွဲ့ဝင်များက လက်နက်အင်အား လူအင်အားဖြင့် ပကဖ အဖွဲ့ဝင်များကိုပါ ရိုက်နှက်ကြောင်း၊ သွေးလန့်ကာ ကိုယ်ဝန် (၄) လရှိ စေတနာ့ဝန်ထမ်း မူလတန်းပြ ဆရာမ တဦး ကိုယ်ဝန်ပျက်ကျသည့်ကိစ္စကို NUG ပြည်ထဲရေးဝန်ကြီးဌာန၊ တရားရေးဌာနအပါအဝင် လူ့အခွင့်အရေးအဖွဲ့အစည်းများကိုလည်း တိုင်ကြားစာပို့ထားကြောင်း သိရသည်။

“အဲဒီကိစ္စဖြစ်တာကြားပါတယ်။ ရွာကလည်း သူတို့ကို လက်ခံတာမဟုတ်ဘူးတဲ့။ ဒါပေမဲ့ ကိုယ့်လူတွေပဲဆိုပြီး ကြည့်နေရာပေါ့။ စာသင်ကျောင်းကလည်း NUG ကျောင်းပါပဲ။ အဲထဲက အခန်းလွတ်ထဲမှာ မုံရွာမြို့နယ် ပလဖ ခေါင်းဆောင်နဲ့အဖွဲ့က သောက်စားမူးယစ်နေတာ ဆောင်းဘောက်တွေ အကျယ်ကြီးဖွင့်ပြီး ဖြစ်ချင်တိုင်းဖြစ်နေတာပေါ့။ ကလေးတွေကလည်း စာမေးပွဲဖြေရမှာ အဲဒါဘယ်လိုမှ အဆင်ပြေလို့ ဆရာ ဆရာမတွေက ရပ်ရွာ ပကဖ ကိုပြောတာ ၂ ခါလာပြောတယ်တဲ့ ပြောနေတုန်း ရပ်ပါမယ် ပြီးတော့ ပြန်လုပ်တယ်တဲ့ အဲဒါနောက်တခါကျတော့ ကျေးရွာ ပအဖ ကြီးပဲ မရတော့ ပကဖ ခေါ်လာတယ်။ အဲချိန်မှာ လက်နက် လူအင်အားများသူက သေနတ်အချက်ပေါင်းများစွာဖောက်လို့ ဆရာ ဆရာမတွေ အတော်လေးထိတ်လန့်ပြီး ကျောင်းထဲကို ဝိုင်းလိုက်သလို လုပ်ဖြစ်တယ်ကြားတယ်” ဟု မုံရွာမြို့နယ်နှင့် မြင်းမူမြို့နယ်အစပ်က ကျေးရွာတရွာမှ ဒေသခံတဦးက ပြောထားသည်။

မုံရွာမြို့နယ် ပလဖ အဖွဲ့ဝင်ခေါင်းဆောင်လုပ်သူက အလွန်အကျွန် မူးယစ်သောက်စားပြီး “ငါအမိန့်ပေးရင် မဲမဲမြင်ရင် အကုန်ပစ်” အမိန့်ပေးခဲ့သည်အထိ ဖြစ်ပွားခဲ့ကြောင်း၊ RPG အပါအဝင် လက်နက်ငယ်များဖြင့် စာမေးပွဲဖြေဆိုမည့် စာသင်ကျောင်းအားလည်း ဝိုင်းထားခဲ့ကြောင်း၊ ကလေးများနှင့် ဆရာ ဆရာများကို ကျောင်းနောက်ပေါက်မှ ဘေးကင်းရာသို့ အလျင်အမြန် ပြောင်းရွေ့ခဲ့ရကြောင်း၊ ကျေးရွာမှ ပကဖ ရဲဘော် ၄ ဦးနှင့် ပြည်သူတစ်ဦးကိုလည်း ပလဖ ရဲဘော် (၃၀) ခန့်က ဝိုင်းဝန်းထိုးကြိတ်ခဲ့သည့်အတွက် ခေါင်းပေါက်ကွဲမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း သိရသည်။

“အဲဒီကိစ္စ တော်တော်ဆိုးတယ်ဗျ။ ပလဖ ဆိုတာ ပြည်သူ့ရဲ လုပ်ငန်းစဉ်လုပ်ရမှာ အခုလို မူးယစ်သောက်စားပြီး ပြည်သူကို အနိုင်ကျင့်ဖို့မဟုတ်ဘူး။ ပြောမကောင်းလို့သာ အခြားပြဿနာတွေလည်း ရှိသေးတယ်။ လက်နက်အင်အား လူအင်အား ရှိတယ် ငွေရှိတယ် ငွေရှာတာကလည်း မျိုးစုံပဲ အဲဒါတွေကတော့ မဖြစ်သင့်တော့ဘူး။ အခုတိုင်ထားတယ်ဆိုရင် NUG အစိုးရအဖွဲ့ကော ပြည်ထဲရေးကော တရားရေးကကောကောင်းကောင်း ကိုင်တွယ်သင့်တယ်။ ဒီလိုပဲ ပြီးပြီးရော လွှတ်ပေးထားရင်တော့ တော်လှန်ရေးမှာ အမဲစက်ကြီးကြီးဖြစ်တော့မယ်” ဟု ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကလည်း ပြောကြားထားသည်။

ကျေးရွာ ပအဖ ပြောမရသည့်အတွက် ပကဖ ရဲဘော်များ ခေါ်လာခဲ့ချိန်တွင် မုံရွာမြို့နယ် ပလဖ ဒုခေါင်းဆောင်က အမူးလွန်ပြီး သောင်းကျန်းနေသော သူ့ရဲဘော်များကို မထိန်းနိုင်တော့ကြောင်း ပြောကြားခဲ့သည့်အတွက် ကျေးရွာ အကဖ အဖွဲ့ဝင်တဦးက စိတ်ဆိုးပြီး ခဲဖြင့်တနေရာသို့ လွှင့်ပစ်ခဲ့ရာကို မုံရွာမြို့နယ် ပလဖ အဖွဲ့က လက်နက်များ လူအင်အားဖြင့် ဝိုင်းဝန်းမှုစတင်ပြီး သေနတ်ဖောက် ထိုးကြိတ်ကြောင်း၊ မုံရွာမြို့နယ် ပလဖ အဖွဲ့ဝင်များလာသည်ကို ကျေးရွာနေပြည်သူများကလည်း မကြိုက်ကြကြောင်း၊ ပြသနာဖြစ်ပြီး ပလဖ အဖွဲ့ဝင်များ ပြန်အထွက်တွင် ကျေးရွာလုံခြုံရေးကင်းအဖွဲ့က ပြဿနာဖြေရှင်းပြီးမှ ရွာမှထွက်ခွါရန် ပြောသော်လည်း ဆဲဆိုပြီး ကားတန်းဖြင့် ပြန်ထွက်သွားကြခြင်း ဖြစ်သည်။

ပြည်သူများကို နိုင့်ထက်စီးနင်းပြုလုပ်သူများနှင့် လုပ်ပိုင်ခွင့်နှင့် အခွင့်အရေးကို အလွဲသုံးစားပြုလုပ်သည့် ပအဖ၊ ပကဖ၊ ပလဖ များကို အမြန်ဆုံး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (၃) နှစ်ပြည့်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ ပြည်သူသို့အစီရင်ခံတင်ပြရာမှာ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပြောကြားထားသည်။

#RedNewsAgency
https://t.me/rednewsagency/6319
https://www.youtube.com/@rednewsmm/community

By Editor