အတူရုန်းကန်ပြီး ငြိမ်းချမ်းသည့်ခေတ်ဆီ ပြန်သွားမည်ဟု ပုလော PDF ပြော

RNA_ဧပြီ(၂၆)၊၂၀၂၄ ခုနှစ်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အခြေစိုက်၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း ပုလော PDF ရဲဘော် ၂၈ ဦးသည် နွေဦးတော်လှန်ရေး တိုက်ပွဲများအတွင်း ကျဆုံးခဲ့ရသော်လည်း အတူရုန်းကန်ပြီး ငြိမ်းချမ်းသည့်ခေတ်ဆီ ပြန်သွားမည်ဟု ပုလော PDF က ပြည်သူများကို ပြောကြားလိုက်သည်။

“ကျွန်တော်တို့ကိုယ်တိုင်က ပြည်သူက‌နေပဲ ပေါက်ဖွားလာတဲ့ ရဲဘော်တွေ ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်သူဖြစ်ဖြစ် လက်နက်မကိုင်ပဲ ရရာနည်းနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်သူပဲ ဖြစ်ဖြစ် အားလုံးဟာ တော်လှန်ရေး ရဲဘော်တွေပါပဲ။ အမှန်တရားကို ပြန်ရဖို့အတွက် လက်နက်ကိုင်မှ ရမယ်ဆိုတာမျိုး ဒီတခေါက် နောက်ဆုံးဖြစ်ချင်တယ်။ ကျွန်တော်တို့ ရဲဘော်တွေ အသက်ပေးရသလို ပြည်သူတွေလည်း နေရပ်စွန့်ခွာ အိုးအိမ်တွေပျက်စီးကြရတယ်။ ဒါပေမယ့် အားတင်းထားကြပါ။ ကျွန်တော်တို့ အတူရုန်းကန်ပြီး ငြိမ်းချမ်းတဲ့ ခေတ်ဆီပြန်သွားကြမယ်” ဟု ပုလော PDF သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ရဲဘော်အာနိုးကပြောကြားထားသည်။

ပုလော PDF ကို ၂၀၂၁ ခုနှစ် ဧပြီလ (၇) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ယနေ့ ၂၀၂၄ ခုနှစ် ဧပြီလ ၂၆ ရက်နေ့အထိ တိုက်ပွဲများအတွင်း ရဲဘော် (၂၈) ဦး ကျဆုံးခဲ့ရကြောင်း၊ ပုလော PDFသည် တနင်္သာရီတိုင်းအတွင်းမှ ဒေသတွင်း မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ပွဲဖော်ဆောင်မှု အပါအဝင် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေကြောင်း သိရသည်။

Red News Agency

By Editor