ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် -AA မှ ကူညီနေပြီး ကျင်ဒွေးမြို့ကို သိမ်းပိုက်နိုင်သည်အထိ အရှိန်မြှင့်တိုက်မည်

RNA_ဧပြီ(၂၃)၊၂၀၂၄ ခုနှစ်။

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ချင်းကာကွယ်ရေးတပ်များနှင့် မဟာမိတ် များပူးပေါင်းဆင်နွှဲနေရာတွင် အစစအရာရာ ကူညီပေးသော အာရက္ခတပ်တော် -AA ကို အထူးကျေးဇူးတင်ရှိကြောင်းနှင့် ကျင်ဒွေးမြို့ကို သိမ်းပိုက်နိုင်သည်အထိ အရှိန်မြှင့်ပြီး ဆက်လက်တိုက်ခိုက်မည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်နှင့်မဟာမိတ်များက ထုတ်ပြန်ပြောကြားထားသည်။

ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျင်ဒွေးမြို့ကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၂) ရက်နေ့က စတင်ပြီး တိုက်ခိုက်ခဲ့ရာ လေကြောင်းတိုက်ခိုက်မှုများကြောင့် အနည်းငယ်ပြန်ဆုတ်ခဲ့ရကြောင်း၊ ၂၀၂၄ ခုနှစ် မတ်လ (၇) ရက်နေ့မှာ စစ်ဆင်ရေးပြန်စပြီး ကျင်ဒွေးမြို့နှင့် (၁) ကီလိုမီတာအထိ ထိတွေ့တိုက်ပွဲများဖြစ်ပွါးခဲ့ပြီးနောက် ဧပြီလ ၂၀ ရက်နေ့အထိ ဆက်လက်တိုက်ခိုက်နေကြောင်း၊ စစ်ကောင်စီဘက်မှလည်း လေကြောင်းပစ်ကူများ အဆမတန် အသုံးပြုပြီး ကျေးရွာများကိုပါ တိုက်ခိုက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျက်ဒွေးမြို့သိမ်းတိုက်ပွဲကို စစ်ကောင်စီဘက်မှ အင်အားဖြည့်တင်းပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်စေကာမူ လုံးဝနောက်ဆုတ်သွားမည်မဟုတ်ဘဲ မဟာမိတ်တပ်များနှင့် ပူးပေါင်းပြီး အကြမ်းဖက် စစ်ကောင်စီကျရှုံးပြီး ကျင်ဒွေးမြို့ကို သိမ်းပိုက်နိုင်သည်အထိ အရှိန်မြှင့်ဆက်လက် တိုက်ခိုက်သွားမည်ဟု ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်) နှင့် မဟာမိတ်များက ယနေ့ထုတ်ပြန်ထားသည်။

#RedNewsAgency

By RNA Editor