Red News Agency

Independent Journalism for Justice and Human Rights.

ခလရ−၂၇၅ တပ်စခန်းအား အပြီးသတ်သိမ်းပိုက်ပြီးနောက် အကြွင်းအကျန်များအား ဆက်လက်ရှင်းလင်းမည်

Written by

in

RNA_ဧပြီ(၁၁)၊၂၀၂၄ခုနှစ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ မြဝတီမြို့တွင် နောက်ဆုံးကျန်ရှိ သော အာဏာသိမ်းစစ်ကောင်စီတပ် ခလရ−၂၇၅ တပ်စခန်းအား အပြီးသတ်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီလက်အောက်ခံ အကြွင်းအကျန်များအား ဆက်လက်ရှင်းလင်းမည်ဟု KNU က ကြေညာထားသည်။

“မြဝတီမြို့ရှိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်းအားလုံးအား တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ ကျန်ရှိနေသော စစ်ကောင်စီအကျွင်းအကျန်များအား ရှင်းလင်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူလူထုများအနေဖြင့် ထိတ်လန့်ကြောက်ရွံ့ခြင်းများမရှိဘဲ ပူးပေါင်းလုပ်ဆောင်မှုများ ပြုလုပ်ပေးရန်အသိပေးအပ်သည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

မြဝတီမြို့မှ နောက်ဆုံးလက်ကျန် ခလရ−၂၇၅ တပ်စခန်းအား ဧပြီလ (၈) ရက်နေ့ တွင် စတင်ထိုးစစ်ဆင်ခဲ့ကာ ဧပြီလ (၁၁) ရက်နေ့ မနက် (၄း၂၀) မိနစ်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရမိခဲ့သည်။

မြဝတီမြို့မှ ခလရ ၂၇၅ တပ်စခန်းမှ စစ်ကောင်စီလက်အောက်ခံများ ယမန်နေ့ညပိုင်းမှစတင်ကာ ထွက်ပြေးသွားကြခြင်းဖြစ်ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်မှ မြဝတီမြို့အပြင်ကို လေယာဉ်ဖြင့် ဗုံးတစ်လုံး လာရောက်ကြဲချခဲ့ကြောင်း သိရသည်။

#RedNewsAgency #RNA #RedNews