တနိုင်ငံလုံး ဘယ်လိုရှုံးရှုံး ယတြာချေမဆုံးတဲ့ စစ်ခေါင်းဆောင်

“လုံခြုံမယ်လို့ထင်ထားတဲ့ နေပြည်တော်လည်းမလုံခြုံဘူး စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် နယ်မြေမရှိတော့ဘူးဆိုတာ”
********************************

ရန်နိုင်

ရှေးပဝေသဏီက စစ်ဘုရင်ကြီးတွေရဲ့ စစ်တိုက်နည်း မဟာဗျူဟာတွေအရဆိုရင် ရန်သူ့ရဲ့ အသည်းနှလုံးဖြစ်တဲ့ နေပြည်တော်ကို ထိုးဖောက်နိုင်ရင် ရန်သူ့ကိုအောင်နိုင်ပြီဟု သတ်မှတ်ခဲ့ကြတယ်။ တရုတ်စစ်ဘုရင်ကြီးဖြစ်တဲ့ ဆွန်ဇုကတော့ အခြေချရာနယ်မြေတွေကို မှုန့်မှုန့်ညက်ညက်ခြေဖျက်ပြီး ရန်သူအလိုလို ကြောက်ရွံ့အရှုံးပေးလာစေတဲ့ ဗျူဟာကို သုံးခဲ့တယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ စစ်ပွဲတွေမှာတော့ ဆိုခဲ့တဲ့ စစ်နည်း ဗျူဟာ ၂ ခုလုံးကို အသုံးပြုနေတာ တွေ့ရတယ်။ ဒါတင်မကသေးပဲ ရောမခေတ်က သုံးခဲ့တဲ့ ထရိုဂျန်ဆန်ဆန် စိမ့်ဝင်စစ်ကိုလည်း လက်တွေ့အသုံးချနေတယ်။ ကမ္ဘာ့အဆင့် ၃၈ ဆိုတဲ့ စစ်တပ်ကြီးလဲ တော်လှန်ရေး အင်အားစုတွေနဲ့ ရင်ဆိုင်နေရတဲ့အခါ အလဲလဲအကွဲကွဲနဲ့ သမိုင်းဝင်အရှက်တွေကွဲနေရတယ်။

တော်လှန်ရေးစကတည်းက CDM တွေက စွန့်ခွာသွားကြသလို၊ UG တွေကလည်း အမှည့်ခြွေ ခြွေနေတာမို့ အင်အားက အိုကြီးအိုမ ရဲဘော်ဟောင်းကြီးတွေကိုပဲ အားကိုးနေရတော့တာ။ ဒါကိုတောင် အားမရသေးလို့ ရန်ကုန်မြို့ရဲ့ စစ်ရုံးချုပ်လိုနေရာတွေ၊ ကြည့်မြင့်တိုင် ကမ်းနားက ဆီတင်သင်္ဘောကြီးတွေကိုပါ ရန်ကုန် ပ.က.ဖ တွေက လက်စွမ်းပြ ဖောက်ခွဲပြလိုက်သေးတယ်။ ဒီထက်ပိုထိရောက်တဲ့ မစ်ရှင်တွေရှိသေးကြောင်း စစ်ကောင်စီကို သတိပေးလိုက်သေးတယ်။ စိမ့်ဝင်စစ်တွေရဲ့ လက်တွေကျတဲ့ အောင်ပွဲတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လှိမ့်နေအောင် ခံနေရတာဖြစ်တယ်။

တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့တွေကလည်း အနှစ်အနှစ်အလလက စုစည်းထားတဲ့ စစ်အာဏာရှင် မုန်းတီးမှုတွေကို နွေဦးတော်လှန်ရေးမှာ ပေါက်ကွဲပြလိုက်ပြီး သက်ဆိုင်ရာ နယ်မြေတိုင်းမှာ စစ်ကောင်းစီ ကင်းစင်နယ်မြေဖြစ်စေခဲ့တယ်။ လောလောလတ်လတ် မင်းအောင်လှိုင်ကိုယ်တိုင် ရေစက်ချပေးလိုက်တဲ့ (၅) မိနစ် ဖလူးစခန်းအပါအဝင် ခမရ ၃၅၅၊ ၃၅၆၊ ၃၅၇၊ သဃ်န်းညီနောင် ဗျူဟာကုန်းအပါအဝင် စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်လာတော့မယ့် မြဝတီမြို့ကြီးက ထည်ထည်ဝါဝါ ပေါ်လာပြီဖြစ်တယ်။

၁၀၂၇ စစ်ဆင်ရေးလို ရက်တိုတိုအတွင်းမှာ မြို့ပေါင်း (၂၀) နဲ့၊ စစ်စခန်းပေါင်း (၄၀၀)ကို တိုက်ခိုက်သိမ်းပိုက်ပြီး၊ အကြမ်းဖက်စစ်တပ်ကို ထောက်ဖြုတ်ပြလိုက်တယ်။ စစ်ရေးအရ ဟ ပေးလိုက်ရတာဖြစ်ကြောင်း အချိန်မရွေး ပြန်တိုက်လို့ရနိုင်ကြောင်း အသံပေးကာ ဟိုင်ဂင်အပစ်ရပ်စာချုပ်နဲ့နယ်မြေရဲ့ ကုန်စည်စီးဆင်းမှု အခွန်ငွေကိုပါ ဆုံးရှုံးလိုက်ရတယ်။ ကိုးကန့်နယ်မြေကလည်း စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားခဲ့တယ်။

ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ ၀၃၀၇ စစ်ဆင်ရေးမှာလည်း စစ်ဆင်ရေးကာလ တစ်လအတွင်း၊ စစ်စခန်းပေါင်း (၆၀)ကို သိမ်းပိုက်ထားတယ်။ နှစ်ရှည်လများ ကချင်လွတ်မြောက်ရေးတပ်မတော်ကို ခြိမ်းခြောက်ခဲ့တဲ့ သက်တမ်းရှည် စခန်းကြီးတွေဖြစ်တဲ့ စိန်လုံဗျူဟာကုန်းနဲ့ ယောရုံ ဗျူဟာကုန်းတွေကို သိမ်းပိုက်နိုင်ခဲ့တယ်။ ဒီစစ်ဆင်ရေးအတွင်းမှာပဲ နယ်စပ်ကုန်သွယ်ရေး မြို့ဖြစ်တဲ့ လွယ်ဂျယ်ကိုလည်း စွန့်လွှတ်လိုက်ရပြီဖြစ်တယ်။ စစ်ကောင်စီအတွက် အချုပ်ခြာအာဏာတည်မြဲဖို့ တဖွဖွရေရွတ်နေရင်းနဲ့ တိုင်းရင်းသားနယ်မြေတွေကို ဆက်တိုက်လက်လွှတ်နေရခြင်းပဲဖြစ်တယ်။

ရက္ခိုင့်တပ်တော် AA ကလည်း ရခိုင်ပြည်နယ်တခုလုံး မရမချင်း ဆက်တိုက်မရပ်မနားတိုက်နေဆဲပဲ ဖြစ်တယ်။ ရခိုင်ပြည်နယ်မှာလည်း စစ်ကောင်စီရဲ့အုပ်ချုပ်ရေး ယန္တရားက မလည်ပတ်နိုင်တော့သလို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေလည်း စစ်မှုထမ်းဥပဒေ ထုတ်ပြန်လိုက်ပြီးကတည်းက နှုတ်ထွက်ကုန်ပြီ။ တဖက်မှာလည်း ရခိုင်တပ်တော် AAမှ နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းက ယနေ့အချိန်ထိ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေနဲ့ မြန်မာနိုင်ငံအနောက်ပိုင်းက မြို့(၈)မြို့နဲ့ စစ်စခန်းရာပေါင်းများစွာ ကိုသိမ်းပိုက် ထားလိုက်တယ်။


ရခိုင်ပြည်နယ်အလုံးစုံ စစ်ကောင်စီကင်းစင်မြေဖြစ်ဖို့ဆိုတာ သိပ်မဝေးတော့ဘူးဖြစ်တယ်။ ရခိုင်ပြည်နယ်ဟာ ရှမ်းပြည်မြောက်ပိုင်းလို မဟုတ်ပဲ ကြည်း၊ ရေ၊ လေ အင်အားအပြည့်သုံးနိုင်မယ်လို့ စစ်ကောင်စီ လော်ဘီတွေက ကြုံံးဝါးခဲ့ကြပေမယ့် တိုက်ပွဲစတာနဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောများစွာကို နစ်မြုပ်ဖျက်ဆီးပြလိုက်တယ်။ စစ်တပ်ရဲ့ ရေတပ်ဆိုတာလည်း အထင်ကြီးစရာမရှိလောက်အောင် စုတ်ပျက်နေတာကို တွေ့လိုက်ရတယ်။ပတ်ပတ်လည်လည် တိုင်းရင်းတော်လှန်ရေးတပ်ဖွဲ့တွေက နယ်မြေတွေသိမ်းထားလို့ စစ်ကောင်စီအတွက် နေပြည်တော်လို စစ်တပ်မြို့တော်တခုပဲ လုံလုံခြုံခြုံသွားလာနိုင်တော့တယ်။

လုံခြုံမယ်လို့ ထင်ထားတဲ့ နေပြည်တော်လည်း မလုံခြုံဘူး စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် နယ်မြေမရှိတော့ဘူးဆိုတာကို ပြည်သူ့ကာကွယ်ရေး Drone Team တွေက ဧပြီလ ၄ ရက်နေ့မှာ နေပြည်တော်စစ်ရုံးချုပ်လို နေရာတွေကို အသေခံဒရုန်းတွေနဲ့ စတင်တိုက်ခိုက်ပြလိုက်ပြီဖြစ်တယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် နေပြည်တော်မှာပုန်းနေလဲ မလွတ်နိုင်တော့ဘူးဆိုပြီး ခြိမ်းခြောက်ပြလိုက်ခြင်းဖြစ်တယ်။

စစ်ကောင်စီကတော့ စိုးမိုးနယ်မြေတွေ လက်လွတ်ရပေမယ့်လည်း အရှုံးကိုလက်မခံပဲ အကြောင်းအမျိုးမျိုးပြပြီး လိမ်ညာသတင်းထုတ်ပြန်နေဆဲဖြစ်တယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေ့စဉ်ဘုရားတကာ၊ ကျောင်းတကာအသွင် ဘုရားထီးတင်ပွဲတွေ၊ ရေစက်ချ တရားပွဲတွေနဲ့ပဲ အလုပ်ရှုပ်နေကာ တိုင်းပြည်အတွင်း အေးချမ်းနေကြောင်း လိမ်ညာ ဝါဒဖြန့်လို့ကောင်းနေဆဲဖြစ်တယ်။ တနိုင်ငံလုံး နယ်မြေတွေဘယ်လိုပဲ ဆုံးဆုံး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ အလှူရေစက် လက်နဲ့မပျက် ယတြာချေကောင်းဆဲ။


အကြမ်းဖက်စစ်တပ်က တနိုင်ငံလုံး တိုက်တိုင်းရှုံးနေလည်း တပ်မတော်နေ့လို စစ်တပ်ရဲ့ အခမ်းအနားနေ့တွေမှာ ဒို့တာဝန်အရေးသုံးပါးကို တတွတ်တွတ်ရွတ်ပြီး ဝါဒဖြန့်နေဆဲဖြစ်တယ်။ ဒို့တာဝန်အရေး သုံးပါးဆိုတာ စစ်တပ်ဘေးရောက်မှာစိုးလို့ ကျားကန်ထားရတဲ့ဝါဒဖြန့်စကားလုံး တစ်ခုသာ ဖြစ်တယ်။ လက်ရှိစစ်တပ်ကိုတိုက်ထုတ်နေတဲ့ တော်လှန်ရေး အင်အားစုတွေဆိုတာကလည်း စစ်အာဏာရှင်ချုပ်ငြိမ်းဖို့ အတွက်သာ ဖြစ်တယ်။ စစ်အာဏာရှင် မြန်မာတနိုင်ငံလုံးမှာ ကင်းစင်သွားရင် အားလုံးတန်းတူယှဉ်တွဲ နေထိုင်ကြဖို့ အတိအလင်းကြေညာထားပြီးဖြစ်တယ်။

ဒါ့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သိသင့်တာက တနိုင်ငံလုံးအနှံ့ စစ်တပ်ကို အကြားအလပ်မရှိ တိုက်ထုတ်နေခြင်းကြောင့် နိုင်ငံတော်ပြိုကွဲမည်မဟုတ်။ စစ်တပ်ကို အသုံးချနေတဲ့ အာဏာရှင်လူနည်းစု အကျိုးစီး ပွားတွေသာ ပြိုကွဲမှာဖြစ်တယ်။ အာဏာရှင်လူနည်းစုလည်း ဘယ်လိုပဲ ပုန်းပုန်း မကြာတော့တဲ့ အချိန်မှာ တနေ့ထက်တနေ့ ပိုပိုအားကောင်းလာတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်တွင်းမှာ သက်ဆင်းရတော့မှာ သေချာနေပြီပဲဖြစ်တယ်။ ။

#RedNewsAgency #RNA #RedNews

By Editor