ပအဖ၊ လကဖ၊ ပလဖများ တာဝန်ယူမှု တာဝန်ခံမှုရှိရန် သုံးသပ်ပြင်ဆင် တည်ဆောက်ရန်စသည့် လုပ်ငန်းစဉ်များအပါအဝင် (၃) ချက်ကို ဒုတိယအကြိမ် ပြည်သူ့ညီလာခံံ ဆုံးဖြတ်

Written by

in

RNA_ဧပြီ(၉)၊၂၀၂၄ခုနှစ်။

နွေဦးတော်လှန်ရေးကာလ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဌာန်းချက်များ နှင့်အညီ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ ဦးဆောင်၍ ၅ ရက်တာအတွင်း ဆုံးဖြတ်ချက်များတွင် ပအဖ၊ လကဖ၊ ပလဖ တို့ တာဝန်ယူမှု တာဝန်ခံမှုရှိရန် သုံးသပ်ပြင်ဆင် တည်ဆောက်ရန်အချက်အပါအဝင် (၃) ချက်ကို ဆုံးဖြတ်အတည်ပြုခဲ့သည်ဟု သိရသည်။

“ဒေသန္တရ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စ မြေပြင် အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးယန္တရားများ (ပအဖ၊ ပကဖ၊ ပလဖ) တို့ကို ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ စနစ်တကျ လုပ်ဆောင်နိုင်ရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် သက်ဆိုင်ရာ တော်လှန်ရေး အင်အားစုများအကြား ဟန်ချက်ညီ လုပ်ဆောင်နိုင်သော ယန္တရားများအဖြစ် သုံးသပ်ပြင်ဆင် တည်ဆောက်ရန်” ပြည်သူ့ညီလာခံမှ ဆုံးဖြတ်အတည်ပြုခဲ့သည်ဟု NUCC ကထုတ်ပြန်ထားသည်။

ညီလာခံတက်ရောက်သူ ကိုယ်စားလှယ်များမှ ဆွေးနွေးသုံးသပ်ချက်များ၊ အဆိုပြုချက်များ၊ အကြံပြုချက် များထဲမှ ဒေသန္တရ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စ မြေပြင် အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးယန္တရားများကိစ္စအပါအဝင် တရားမဝင်ပြည်သူ့စစ်မှုထမ်းဥပဒေကိစ္စ၊ မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂) ဖျက်သိမ်းရမည့် ဥပဒေဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ (၄) ရက် မှ (၉) ရက်အတွင်း (၅) ရက်တာ ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံတွင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီအပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ နွေဦးတော်လှန်ရေး အင်အားစုများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေးအင်အားစုများမှ ကိုယ်စားလှယ်များ၊ ကြားကာလ ပြည်နယ်/ဖက်ဒရယ် ယူနစ် ကောင်စီများမှ ကိုယ်စားလှယ်များအပါအဝင် ညီလာခံ ကိုယ်စားလှယ် (၂၀၄) ဦး၊ ညီလာခံတွင် ပါဝင်ဆွေးနွေးရန် အထူးဖိတ်ကြားထားသူ (၁၀၄) ဦး၊ လေ့လာသူ (၁၂၈) ဦးတို့ ပါဝင်တက်ရောက် ခဲ့ကြသည့်အတွက် တက်ရောက်သူ အမျိုးသား ၆၄.၉ ရာခိုင်နှုန်း၊ အမျိုးသမီး ၃၄.၃ ရာခိုင်နှုန်းနှင့် အခြား ၀.၈ ရာခိုင်နှုန်း တက်ရောက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

#RedNewsAgency