စစ်မြေပြင်မှာ အသက်တမျှအရေးကြီးတဲ့ အမိန့်နာခံမှုနဲ့ နေပြည်တော်မှာ ပြေးပေါက်ရှာနေတဲ့ စစ်ရာဇဝတ်ကောင်များ

“စစ်ကောင်စီဟာ မန္တလေးကို ကာကွယ်နိုင်ဖို့ ပြင်ဦးလွင်မြို့အထွက်မှာ သင်တန်းတက်နေတဲ့ စစ်သားတွေကို စီမံချက်နဲ့ ကာကင်းသဘောမျိုး စောင့်ခိုင်းတာတွေ လုပ်နေတယ်လို့ တပ်တွင်းသတင်းတွေကနေ သိရပါတယ်။ နေပြည်တော်ကို ကာကွယ်နိုင်ဖို့အတွက် မန္တလေးဟာ စစ်ကောင်စီအတွက် နောက်ဆုံးခံတပ်ပုံစံဖြစ်နေပါပြီ” 

မောင်ဝိ 

၂၀၂၄ ခုနှစ်ရဲ့ နှစ်သစ်မှာ တော်လှန်ရေးက အားအကောင်းဆုံးလို့ ပြောလို့ရသလို တော်လှန်ပြည်သူတွေအတွက်လည်း အားတက်စရာသတင်းတွေဆက်တိုက်ဆိုသလို ကြားနေရပါတယ်။ ဇန်နဝါရီလ ၂  ရက်နေ့မှာ Mandalay (PDF) နဲ့ TNLA တို့ပူးပေါင်းပြီးတောင်သမန် စစ်ဆင်ရေးနဲ့  နောင်ချိုမြိုနယ် သံဘိုကျေးရွာရှိ စစ်ကောင်စီအခြေစိုက်စခန်းအား ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။

ဇန်နဝါရီလ  ၃ ရက်နေ့ မနက်ပိုင်းမှာတော့ သံဘိုကျေးရွာစခန်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး၊ စစ်ကောင်စီရဲ့ ဒုတိယဗိုလ်မှူးကြီး သက်အောင်ကို ဖမ်းဆီးရမိသလို၊ စစ်တပ်ရဲ့ Drone Jammer စက်အကြီးအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့တာဖြစ်တယ်။ သံဘို စစ်ကောင်စီရဲ့ကာကင်းစခန်းကိုသိမ်းပိုက်ရရှိချိန်မှာ ထူးခြားချက်တချို့တွေ့ရှိရတယ်။ 

ဒါကတော့ ဖမ်းဆီးရမိချိန် ယူနီဖောင်းတွေမှာ စစ်ကောင်စီရဲ့ ခြေလျင်ခြေမြန်ဘက်ရယ်လို့ သေချာမတွေ့ရဘဲ လက်မောင်းဘက်တွေဟာ ကက (ယာ)၊ကက (ပြည်)၊ ကက(လျှပ်)၊ ကက(ဆက်)၊ ကက(ဆေး) စတဲ့ လက်ရုံးတပ်ဘက်တံဆိပ်တွေကို စုပေါင်းမြင်ရပြီး တိုင်းစစ်ဌာနချုပ်၊ တပ်မ ၁၁ နဲ့ အရံမီးသတ် ဘက်တံဆိပ်တွေလည်း တွေ့ရှိရတယ်။ 

စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ)ကို ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ သံဘိုကာကင်းစခန်းရဲ့အခြေအနေကိုကြည့်ပြီး စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးတပ် ခြေလျင်ခြေမြန်တွေ မရှိတော့ဘူးလားလို့တောင် မြင်မိပါတယ်။ စစ်ဌာနချုပ်ကို ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ ကာကင်းစခန်းဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ အားလုံး ရိပ်မိမယ် ထင်တယ်ပါတယ်။ 

အခုလို တိုက်ခိုက်ခံရတာနဲ့ပတ်သတ်ပြီးပြင်ဦးလွင်မိုးကုတ်လမ်းရှိ နောင်ချိုမြို့ နယ်၊ သံဘိုရွာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ဆီးဖြူရေရွာနဲ့ဆက်စပ်ရွာတွေနားမှာ TNLA/MDY PDF ခန့်မှန်းအင်အား ၈၀၀ နီးပါးလောက် လှုပ်ရှားနေတာ ကြာပါပြီ၊ ရှေ့ဆက်သွားရင် ဟိုခိုရွာဝန်းကျင်ဆို ပိုဆိုးတယ်လို့ စစ်တပ်လော်ဘီတွေ ဘက်ကနေ သတိပေးပြောဆိုထားပါတယ်။ လက်ရှိ သိမ်းပိုက်ရရှိထားတဲ့ သံဘိုစစ်စခန်းဟာ စစ်ကောင်စီရဲ့ DSA ဗိုလ်သင်တန်းကျောင်း အခြေစိုက်ရာ ပြင်ဦးလွင်မြို့နဲ့ ၁၅ မိုင်ဝန်းကျင်သာ ဝေးပါတော့တယ်။ 

အခုဆိုရင် ပြင်ဦးလွင်မြို့မှာရှိတဲ့ စစ်ကောင်စီ အထိုင်တပ်ရင်းတွေက စစ်သည်ရဲမေတွေ ကိုယ်တိုင်ထိတ်လန့်နေတယ်လို့ ကြားလာရပြီ။ သံဘိုကာကင်းစခန်းကို တိုက်ပြီးနောက်ပိုင်းမှာပြင်ဦးလွင်မြို့ထဲက တပ်တွေကို တိုက်မယ်ဆိုတဲ့ သတင်းကြားကြောင်းနဲ့ တကယ်လို့ လာတိုက်ခဲ့ရင် လက်နက်ချရမလား၊ ထွက်ပြေးရမလားဆိုတာတွေကို ပြင်ဦးလွင်တပ်တွင်းစစ်သည်တစ်ဦးနဲ့ အဆက်အသွယ်ရချိန်မှာ အထိတ်တလန့် မေးလာခဲ့ပါတယ်။ 

ဘယ်လိုပဲ စစ်တပ်ထောက်ခံသူတွေဘက်က သတင်းပေးပြောဆိုနေပေမယ့် သံဘိုတိုက်ပွဲမှာဆိုရင် စစ်ကောင်စီတပ်ရဲ့ ခေါင်းဆောင်မှု စွမ်းရည်ကိုထင်ထင်ရှားရှားမြင့်တွေ့ရမှာပဲ ဖြစ်တယ်။ ဦးဆောင်သူဟာ DSTA ကျောင်းမှ စက်မှုလက်မှုကထိက တစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး သက်အောင်လို့သိရတယ်။ သူကိုယ်တိုင်က စစ်ရေးနဲ့ ဝေးကွာနေတဲ့သဘောမှာရှိတယ်။ ဆင့်ကဲ့အမိန့်ပေးသူတွေ ကိုယ်တိုင်ကလည်း စစ်မတိုက်ရတဲ့ အထိုင်တပ်ရင်းတွေကို အများဆုံးတွေ့ရပါတယ်။ ဒါဟာ တပ်မတော်တခုရဲ့ စွမ်းရည်ဖြစ်တဲ့စစ်ရေး၊အုပ်ချုပ်ရေး၊ စည်းရုံးရေးစတဲ့ စွမ်းရည်တွေ ကျဆင်းလာတဲ့ စစ်ကောင်စီရဲ့ပကတိအခြေအနေဖြစ်တယ်။

စစ်ကောင်စီအနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တွေ လာတိုက်မယ်ဆိုတာကို သိတဲ့အတွက် ခံစစ်ပြင်ဆင်ထားရှိပေမယ့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ အဆင့်ဆင့် အမိန့်ပေးကွပ်ကဲမှု (COC) အားကောင်းလာမှုများ၊ စစ်ရေးစွမ်းရည်ပြည့်ဝလာမှုတို့ကြောင့် ၂ ရက်အတွင်း စစ်ကောင်စီရဲ့ အဓိက ကာကင်းစခန်းကြီး တခုကို သိမ်းပိုက်လိုက်နိုင်ခဲ့တာဖြစ်တယ်။ ဒါဟာ အောင်ပွဲများစွာထဲက ထူးခြားလာတဲ့အချက်တွေဖြစ်တယ်။ 

၂၀၂၁ ခုနှစ်ရဲ့ အစောပိုင်းကာလမှာ ပြည်နယ်အသီးသီးရှိ တော်လှန်လူငယ်တွေဟာ စစ်ကောင်စီရဲ့ မတရားမှုတွေအပေါ် လက်နက်စွဲကိုင် တိုက်ထုတ်နိုင်ဖို့ ကြိုးပမ်းခဲ့ကြတယ်။ လက်နက်ကိုင်တိုက်တယ်ဆိုတဲ့နေရာမှာ အစောပိုင်းကာလအတွင်းလက်နက်ရှိရင် တော်လှန်ရေး လုပ်လို့ရတယ်ဆိုတဲ့အတွေး အခေါ်နေရာမှာအနာဂတ်တပ်မတော်အသစ်အတွက် စည်းမျဥ်းစည်းကမ်း၊ အဆင့်ဆင့်အမိန့်နာခံတတ်မှုတွေ လိုအပ်တယ်ဆိုတာကို သတိထားမိလာကြတယ်။ ဒါ့ကြောင့်ပဲ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာနရဲ့ ဦးဆောင်မှုနဲ့ COC စနစ်ကို ပုံဖော်လာခဲ့ကြတယ်။

တပ်တခုမှာ အဆင့်ဆင့် အမိန့်ပေးစနစ်က ဘာ့ကြောင့် လိုအပ်တာလဲဆိုတော့ စစ်ရေးကိစ္စဖြစ်နေလို့ပါ။ သူသေကိုယ်သေ တိုက်နေရတဲ့အချိန်မှာ အမိန့်နာခံမှုဟာ အရေးကြီးပါတယ်။ အားလုံးက လူသေစေနိုင်တဲ့ လက်နက်တွေ ကိုင်ထားကြတာ ဖြစ်လို့ပါ။ အမိန့်ပေးစနစ်သာ မအောင်မြင်ဘူးဆိုရင် အဲဒီလက်နက်ကိုင်အဖွဲ့ဟာ ကျဆုံးမှာ ဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့တခုမှာ စစ်ရေး၊ စည်းရုံးရေးတွေဟာ အလွန်အရေးကြီးတဲ့အတွက် ဒါတွေအောင်မြင်အောင်လုပ်နိုင်ဖို့အတွက် စည်းကမ်းဟာလည်း အသက်တမျှ အရေးကြီးလှပါတယ်။ 

နွေဦးတော်လှန်ရေး အစမှာတုန်းကတော့ အာဏာရှင်စနစ်ကိုမကြိုက်လို့ လက်နက်စွဲကိုင်တဲ့ လူငယ်တွေကြားထဲမှာ တိုက်ပွဲတွေအတွင်း အထက်စီးကနေ အမိန့်လာပေးရင် မကြိုက်တဲ့သူတွေ ရှိခဲ့ပါတယ်။ ဒါကလည်း သူသူကိုယ်ကိုယ် ဖြစ်ကြမှာပါပဲ၊ လက်နက်ကိုင်တိုက်နေတဲ့သူတွေဟာ စည်းကမ်းတွေကို ပြင်းပြင်းထန်ထန်လိုက်နာရပါတယ်။ အစပိုင်းမှာတုန်းကတော့ ကိုယ်ယုံကြည်အားကိုးရတဲ့ ဆရာ (ဒါမှမဟုတ်) အဖွဲ့အစည်းရဲ့ခေါင်းဆောင်တစ်ဦးတယောက်ရဲ့စကားကိုပဲ နားထောင်ကြတာ များပါတယ်။ ဒီအခြေအနေမှာ လေးစားယုံကြည်ရတဲ့ ခေါင်းဆောင်ဆိုသူက တိုက်ပွဲမှာ မကွပ်ကဲနိုင်တာပဲ ဖြစ်ဖြစ် ကျဆုံးတာပဲဖြစ်ဖြစ် အောက်ခြေကတပ်ဖွဲ့ဝင်တွေဟာ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်လာကြတယ်။ ဒါကဘာနဲ့တူသလဲဆိုတော့ ရောမခေတ်က ခေါင်းဆောင်တိုက်ပွဲကျတာနဲ့ အကုန်လက်နက်ချသလိုပုံစံဖြစ်နေပါတယ်။

အခုတော့ လက်နက်ကိုင်တော်လှန်ရေးဟာလည်း အရှိန်မြင့်လာသလို တိုက်ပွဲအတွေ့အကြုံတွေကလည်း များလာကြပြီ၊ နွေဦးတော်လှန်ရေးမှ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေဟာ တပ်တခုမှာ အမိန့်ပေးစနစ်နဲ့အတူ စည်းကမ်းဟာအရေးကြီးကြောင်း သိလာကြပါပြီ အားလုံးနားလည်လာကြလို့ အရေးကြီးလို့လည်း Chain Of Command ဆိုတာကို အားလုံးက ပြောလာကြတာဖြစ်ပါတယ်။ 

အခု မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကစလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ Chain Of Command တည်ဆောက်မှု အားကောင်းလာတာကို ပိုပြီး သတိထားမိပါတယ်။ တပ်စိတ်မှူး၊ တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူးစသဖြင့် စနစ်တကျဖွဲ့စည်းလာကြသလို တိုက်ပွဲအတွင်း တပ်ရင်းမှူးကျခဲ့ရင် ဒုတပ်ရင်းမှူးဦးဆောင်မယ်၊ ဒုတပ်ရင်းမှူးကျခဲ့ရင် တပ်ခွဲမှူးက ဦးဆောင်တိုက်တယ်။ ဒီလိုမျိုး တည်ဆောက်လာနိုင်တာ တကယ့်ကိုစွမ်းရည်ပြည့်ဝတဲ့ တပ်မတော်တရပ်အသွင်ဆောင်ပါတယ်။ သံဘိုတိုက်ပွဲမှာဆိုရင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က တချို့တွေ ကျဆုံးတာရှိခဲ့ပေမယ့် အဆင့်ဆင့် ထိန်းချုပ်နိုင်ခဲ့တယ် အောင်ပွဲရသည်အထိ တိုက်ခိုက်နိုင်ခဲ့ကြတယ်။

အခုဆိုရင်စစ်ကောင်စီဟာ မန္တလေးကို ကာကွယ်နိုင်ဖို့ ပြင်ဦးလွင်မြို့အထွက်မှာ သင်တန်းတက်နေတဲ့ စစ်သားတွေကို စီမံချက်နဲ့ ကာကင်းသဘောမျိုး စောင့်ခိုင်းတာတွေ လုပ်နေတယ်လို့ တပ်တွင်းသတင်းတွေကနေ သိရပါတယ်။ နေပြည်တော်ကို ကာကွယ်နိုင်ဖို့အတွက် မန္တလေးဟာ စစ်ကောင်စီအတွက် နောက်ဆုံးခံတပ်ပုံစံဖြစ်နေပါပြီ။ ဒီအတွက် စစ်တပ်ကလည်း အသေအလဲ ကာကွယ်မယ့် သဘောမှာရှိပါတယ်။ ဒါပေမဲ့ မင်းအောင်လှိုင်အပါအဝင် အကြမ်းဖက် စစ်ခေါင်းဆောင်တွေဟာ ရှမ်းမြောက်တိုက်ပွဲမှာလည်း မရှုံးချင်လောက်ပါဘူး။ အခုဆိုရင် လောက်ကိုင်ဟာလည်း MNDAA လက်ထဲ ကျရောက်သွားပြီ။ 

တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အခုနောက်ဆုံး သံဘိုစခန်းသိမ်းတိုက်ပွဲ ရလဒ်ကိုကြည့်ပြီး စစ်ကောင်စီရဲ့ အခြေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးစွမ်းရည်ကို ချိန်ထိုးကြည့်နိုင်ပါတယ်။ ဒါ့ဟာနောက်လိုက်ကောင်းမှ ခေါင်းဆောင်ကောင်း ဖြစ်မယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အမိန့်နာခံမှုကောင်းပြီးတိုးတက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးစွမ်းရည်ကို မြင်တွေ့လာရတာဖြစ်တယ်။ စစ်ကောင်စီဘက်မှာတော့ အဲလိုတွေ မမြင်ရပါဘူး လောက်ကိုင်က ထောင်ချီတဲ့ စစ်ကောင်စီလက်အောက်ခံတွေဟာ လက်နက်ချ အညံ့ခံလိုက်ရတယ်။ ဘယ်စစ်ခေါင်းကမှလည်း သူတို့တွေကို အရေးတယူလုပ်ပြီး စစ်ကူလည်းမပို့နိုင်တော့ဘူး ဒါဟာ အားလုံးမြင်သာတဲ့ အပိုင်းကို ပြောပြတာပါ။ 

အစပိုင်းမှာပြောခဲ့သလိုပါပဲ စစ်ကောင်စီတပ်မှာက ဗျူဟာတခုခု မြို့တခုခု အသိမ်းခံနေရပြီဆိုရင်တော့ အနီးအနားက လက်နက်ကြီးနဲ့ လေယာဉ်နဲ့သာ ရမ်းသမ်းပစ်ခတ်နေရတဲ့ အနေအထားဆိုက်နေပြီ။ မြေပြင်စစ်ကူတို့ ရိက္ခာပို့စစ်ကြောင်းတို့ဆိုတာ လိုရာမရောက် လမ်းခုလတ်တင်မှာပဲ တော်လှန်ရေးအင်အားစုတွေက ပိတ်ဆို့တိုက်ခိုက်နေတာပါ။ ရန်ကုန်၊ မန္တလေးလို့ မြို့တွေကို နောက်ဆုံးခံတပ်ပြင်ပြီး နေပြည်တော်မကျရေးကိုတောင် စစ်ကောင်စီ ကာကွယ်နိုင်ပါ့မလား။ နောက်ဆုံး ဂူအောင်းမလား ထွက်ပြေးမလား နယ်မြေတွေ ဆက်တိုက်ပေးပြီး ရူးချင်ယောင် ဆောင်မလား ဒီလိုအခြေအနေကိုရောက်ဖို့ မကြာတော့ပါဘူး။ 

ရှမ်းပြည်အထူးဒေသ () နဲ့ ရှမ်းမြောက် တအာင်း စစ်ဆင်ရေးနယ်မြေတွေ ကုန်သွားရင်တော့ မန္တလေးနဲ့ စစ်ကိုင်း၊ မကွေးဟာ အင်အားပိုများပြီး စစ်ရေးအရှိန်ထပ်မြင့်လာနိုင်ပါတယ်။ နောက်တခုက ချင်းကလည်း အခိုင်အမာ တည်ဆောက်နေပြီ တောင်ပိုင်းတိုင်းကလည်း မြို့တွေ ဝင်တိုက်ပြနေပြီ ပဲခူးတိုင်း ရန်ကုန်မန္တလေး လမ်းဟောင်းမှာလည်း ဝင်တိုက်ပြနေပြီ ပဲခူးတိုင်းအနောက်ခြမ်းမှာလည်း PDF တွေ စိုးမိုးထားပြီဆိုတော့ စစ်ကောင်စီအတွက်နေပြည်တော်မရောက်ခင်လေး တခုခုတော့ ကြံနေကြပြီထင်ပါတယ် နောက်ဆုံးတော့ ပြည်သူတွေဟာ ပျော်ပွဲရွှင်ပွဲတွေနဲ့ အောင်ပွဲခံကြမဲ့အချိန်ရောက်ဖို့ တနေ့ထက် တနေ့ နီးကပ်နေပြီဆိုတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။ ။ 

Red News Agency

By Editor