Red News Agency

Independent Journalism for Justice and Human Rights.

လေကြောင်းတိုက်ခိုက်မှု ၃၉၅ ကြိမ်အတွင်း တော်လှန်ရေးရဲဘော် ၁၀၈ ဦးကျဆုံးခဲ့ရ

Written by

in

RNA_နိုဝင်ဘာ(၃၀)၊၂၀၂၃ ခုနှစ်။

မြေပြင်တိုက်ပွဲများအတွင်း ရှုံးနိမ့်နေသည့်အတွက် စစ်ကောင်စီ၏ လေတပ်မှ လေကြောင်းတိုက်ခိုက်မှု ၃၉၅ ကြိမ်ပြုလုပ်မှုအတွင်း တော်လှန်ရေးရဲဘော် ၁၀၈ ဦးကျဆုံးခဲ့ရပြီး အရပ်သား ၃၂၃ ထက်မနည်း သေဆုံးခဲ့ရကြောင်း သိရသည်။

မှတ်ချက် – စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုပုံစံနှင့်အလေ့အထများ အစီအရင်ခံစာ PDF ရယူရန် 

၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ ၉ လတာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုပုံစံနှင့် အလေ့အထားများကို ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး – Burma Affairs & Conflict Study ( BACS) အဖွဲ့က ပြုလုပ်ထားသည့် အစီအရင်ခံစာတွင် လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်သည့် အချက်အလက်များကို ဖော်ပြထားသည်။


စစ်ကောင်စီတပ်သည် ၉ လတာအတွင်း Jet Fighter ဖြင့် ၂၆၇ ကြိမ်၊ ရဟတ်ယာဉ်ဖြင့် ၁၀၉ ကြိမ် တိုက်ခိုက်ခဲ့ပြီး၊ Jet Fighter နှင့်ရဟတ်ယာဉ် ပူးတွဲတိုက်ခိုက်မှု ၁၉ ကြိမ်ပြုလုပ်ခဲ့မှုအတွင်း တော်လှန်ရေးရဲဘော် ၁၀၈ ဦးနှင့် အရပ်သား ၃၂၃ ဦးသေဆုံးခဲ့သည်ဟု BACS ၏ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုပုံစံနှင့် အလေ့အထားများ အစီအရင်ခံစာတွင် ဖော်ပြထားသည်။


လေကြောင်းတိုက်ခိုက်ခံရအမှု အများဆုံးသည် စစ်ကိုင်းတိုင်းဖြစ်ပြီး ကရင်ပြည်နယ်တွင် ဒုတိယအများဆုံးဖြစ်ကာ ချင်းပြည်နယ်မှာ တတိယအများဆုံးဖြစ်ကြောင်း၊ ကရင်နီပြည်သည် စတုတ္ထအများဆုံးဖြစ်သော်လည်း ဖယ်ခုံနှင့် ပင်လောင်းဒေသများကို ကရင်နီဒေသတွင်း ထည့်သွင်းရေတွက်ပါက ကရင်နီပြည်သည် လေကြောင်းတိုက်ခိုက်ခံရမှု ဒုတိယအများဆုံးဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် စစ်ကောင်စီသည် ရဟတ်ယာဉ်ကို အသုံးပြု တိုက်ခိုက်မှု အများဆုံးပြုလုပ်ခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီ၏လေတပ်မှ အများဆုံးတိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ၁၀ မြို့နယ်မှာ ကော့ကရိတ်၊ ထန်တလန်၊ ဒီးမော့ဆို၊ မြဝတီ၊ ဖယ်ခုံ၊ မင်းတပ်၊ ဗန်းမောက်၊ ဟားခါး၊ ကြာအင်းဆိပ်ကြီးနှင့် ထီးချိုင့်မြို့နယ်တို့ဖြစ်ကြောင်း၊ ယင်းအစီအရင်ခံစာတွင် အသုံးပြုခဲ့သည့် လေယာဉ်ကွင်းများ၊ တိုက်ခိုက်ခဲ့သည့် ဦးတည်ပစ်မှတ်များစသည့် အကြောင်းအရာ အစုံအလင်ကို ဖော်ပြထားသည်။

ခင်ဦးမြို့နယ်၊ မုံလှကျေးရွာဝန်းကျင်ကို စစ်ကောင်စီတပ်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီး ဝင်ရောက်စီးနင်းစဉ်အတွင်း ဒေသခံ PDF (၁၀) ဦး ကျဆုံးခဲ့ရသည့် ဈာပနမြင်ကွင်း။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုပုံစံနှင့်အလေ့အထများ အစီအရင်ခံစာ PDF ရယူရန် 

#RedNewsAgency