ဓါးပြမှုအချို့မှ သံသယရှိသူအချို့ကို KIA တပ်ရင်း(၆)က ဖမ်းဆီးစစ်ဆေးနေ

RNA_ဖားကန့် နိုဝင်ဘာလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ ရွာလယ်လမ်းမပေါ်ရှိ ဂျာနူး ဆေးဆိုင်နှင့် ငွေလွှဲ ငွေထုတ်လုပ်ကိုင်သည့်ဆိုင်အား အောက်တိုဘာ ၃၁ ရက်နေ့ နေ့ခင်းက ဓါးပြတိုက်ခံရပြီး သိန်းတစ်ထောင်ကျော် ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်အပါ အခြားဓါးပြတိုက်မှုတို့မှ သံသယရှိသူများကို KIA တပ်မဟာ(၉)၊ တပ်ရင်း(၆)မှ ဖော်ထုတ်ရမိသော ကွင်းဆက်များအရ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

ဆက်စပ်ဖမ်းဆီးစစ်ဆေးခံရသူများထဲ၌ KPDF မှ ဖားကန့်မြို့နယ် မှော်စီစာ အပိုင်းတာဝန်ခံ ဝမ်းဘက် (ခ) ရင်သွေးဦး နှင့် လက်ထောက်ဖြစ်သူ ဇွဲကိုတို့ပါဝင်နေပြီး KIA အရာရှိအချို့လည်းပါဝင်နေကြောင်း သိရသည်။

“လက်ရှိက စစ်ဆေးနေဆဲကာလပါ ဝမ်းဘက်ကို လက်နက်ဖြုတ် ထိန်းသိမ်းထားပြီး စစ်ဆေးနေပါတယ်၊ အပြင်မှာပြောနေကြသလို အခြား KPDF ခေါင်းဆောင်တွေဖြစ်တဲ့ ကိုတင်ကိုတို့ ကိုရန်နိုင်စိုးတို့ကို ဓါးပြမှုနဲ့ပါတ်သက်ပြီး ဖမ်းဆီးစစ်ဆေးခံရတယ်ဆိုတာ မဟုတ်ပါဘူး၊ အမှုအားလုံး စစ်ဆေးပြီးတဲ့အခါ ပြည်သူကို ချပြပါမယ်”ဟု KPDF မှ တာဝန်ရှိသူက ပြောသည်။

ဓာတ်ပုံ: အင်တာနက်- လုံးခင်းကျေးရွာ

ဖားကန့်၌ စစ်ကောင်စီက နောက်ကွယ်မှကြိုးကိုင်သည့် ပျူစောထီးအဖွဲ့ကဟုဆိုကာ ဖုန်းဆက်ခြိမ်းခြောက်ငွေတောင်းခံမှုများအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သလို KIA/KPDF တို့ ပါဝင်ပါတ်သက်သည်ဟု ယူဆရသော ဓါးပြမှုများအားလည်း တပ်ရင်း(၆)မှ တာဝန်ရှိသူများက စစ်ဆေးနေသည်။

ဖားကန့်၌ ယခုနှစ်နှစ်အတွင်း လုံးခင်းကျေးရွာရှိ ဂျာနူးဆေးဆိုင်/ငွေလွှဲငွေထုတ်လုပ်ငန်းဆိုင်နှင့် မိုးရတနာရွှေဆိုင် ဓါးပြတိုက်ခံရပြီး ငွေကျပ်သိန်း ခြောက်ထောင်နီးပါး ဆုံးရှုံးမှုအပါအဝင် ရွှေဆိုင် ဓါးပြတိုက်ခံရမှု သုံးခုနှင့် အခြား ငွေကျပ်အမြောက်အများဆုံးရှုံးရသည့် ဓါးပြမှုများသည် သေနတ် အတိုအရှည်များ ပါဝင်ကြောင်း သိရသည်။

“ကျနော်တို့ကတော့ ပြည်သူကို မျက်နှာမူပါတယ်၊ ပြည်သူကနေ ပေါက်ဖွားလာတာပါ၊ ခုလို ပြည်သူထိခိုက်တဲ့ကိစ္စ အမှုမှန် အဖြေမှန်ထွက်လာရင်လည်း ပွင့်လင်းစွာ ချပြမှာပါ၊ ကိုယ့်ဘက်က လူတွေ မှားယွင်းနေတာ သေချာတဲ့အဖြေထွက်လာရင် အရေးယူမှာဖြစ်သလို ပြည်သူကိုဝန်ချတောင်းပန်မှာပါ”ဟု KPDF ခေါင်းဆောင်တစ်ဦးက ဆိုသည်။

ဖားကန့်မြို့နယ်အတွင်းက ပျူများပါဝင်သည့် ဓားပြမှု၊ ငွေခြိမ်းခြောက်တောင်းခံမှုများနှင့် ပြည်သူများအပေါ် ညှင်းပမ်းနှိပ်စက်မှုများကို KPDF အနေဖြင့် အစွမ်းကုန်ဖော်ထုတ်အရေးယူနေကြောင်း၊ ယင်းကိစ္စများအပြင် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်ကိုလည်း ခုခံတိုက်ခိုက်နေကြောင်း သိရသည်။

#RedNewsAgency

By Editor