ခင်ဗျားတို့မသိတဲ့ ဖြစ်ရပ်မှန်

“ခြေတစ်ချောင်းမရှိတော့တာနဲ့ သူများကိုမှီခိုပြီး ဒီတိုင်းငြိမ်နေလိုက်ဖို့ ကျတော့်မှာ လိပ်ပြာမလုံဘူး တစ်ချို့ဆို အသက်တွေတောင်ပေးနေရတာ ကျတော်ကခြေတစ်ချောင်းပဲ ပေးလိုက်ရတာ သူတို့ထက်စာရင်အများကြီး တော်ပါသေးတယ်ဗျာ”

ရာဟု (simon)

“ဒီပုံကိုသေချာကြည့်ရင် ထူးခြားတာတစ်ခုကို ခင်ဗျားတို့မြင်ရလိမ့်မယ် ” အခုမြင်နေရတဲ့ပုံက Under ground အနုပညာသမားတွေပါ၀င်ဖျော်ဖြေခဲ့တဲ့ မဲဆောက်က ဂီတပွဲတစ်ခုဖြစ်တဲ့ ITTA ပွဲထဲက ပုံတစ်ပုံဖြစ်တယ်။ ခုံပေါ်မှာထိုင်ရင်း မိုက်ကရိုဖုန်းကတစ်ဆင့် စကားလုံးတွေကို ဓါးသွားလိုခပ်ပြင်းပြင်းနဲ့ နားထောင်နေတဲ့လူတွေရင်ထဲထိရောက်အောင် ဆိုနေတဲ့ hip hop အဆိုတော်တစ်ယောက်… ” သူ့နာမည်က မင်းလွန် ” ။

Photo: Kaung Kaung

“တော်လှန်ရေးကာလမှာ Generation Lee ဆိုတာ သူ့ရဲ့ hits အဖြစ်ခဲ့ဆုံးသီချင်းပေါ့ ”


သူ့ကို ဓါတ်ပုံရိုက်ပေးနေတဲ့တစ်ယောက်က “ကောင်းကောင်း ( ခ ) ကျီးကန်း ” မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်ဆိုတဲ့ ဇာတ်လမ်းမှာ ချိုင်းထောက်တစ်ဖက်နဲ့ ကျတော်က “အရင်က တိုင်းလက်ရွေးစင် ဘောလုံးသမား” ဆိုပြီး တော်လှန်ပြည်သူတွေရဲ့ ရင်ထဲကို တည့်တည့်ကြီးထိမှန်အောင် ပြောခဲ့တဲ့တစ်ယောက် ။တော်လှန်ရေးဓါတ်ပုံနဲ့ ဇာတ်လမ်းတွေ တော်တော်များများမှာ သူ့ရဲ့လက်ရာတွေအများကြီးကို တွေ့နိုင်တယ်။

” စန်းမင်းပိုင်ရဲ့ နေမ၀င်ခင် နေကွယ်သွားတဲ့နေ့ သီချင်းကိုရိုက်ပေးထားတာလည်း သူပေါ့ “။

သူတို့ နှစ်ယောက်ဟာ မွေးဖွားရာဒေသ၊ ကြီးပြင်းရာဒေသ ဘာတစ်ခုမှ မတူဘူးဆိုသော်ငြားလည်း သူတို့နှစ်ဦးမှာ ထူးဆန်းတဲ့ တိုက်ဆိုင်မှုတွေရှိကြတယ်။

အဲ့ဒါက … သူတို့ နှစ်ဦးစလုံးမှာ ခြေထောက်တစ်ဖက်စီ မရှိကြဘူး ၊ ထူးဆန်းတာက ဒီခြေထောက်တွေဟာ စကစကို တော်လှန်ရင်းနဲ့ပေးဆပ်ခဲ့ရတာဖြစ်သလို ပိုပြီးထူးဆန်းတာက ဒီနေ့ဒီအချိန်အထိ သူတို့ရဲ့ ဖြစ်တည်နေတဲ့ ဘ၀ကို အရှုံးမပေးဘဲ ရတဲ့ဘက်ကနေ ရတဲ့နည်းနဲ့ စကစ ကိုဆန့်ကျင်တော်လှန်ရင်း ဒီပွဲမှာ တစ်ယောက်ရဲ့ သီဆိုဖျော်ဖြေမှုကို တစ်ယောက်က မှတ်တမ်းတင်ပေးနေတာကလည်း သူတို့နှစ်ယောက်ရဲ့ ထူးခြားတဲ့ တိုက်ဆိုင်မှုပဲ။

” မင်းလွန်”
သာမန် ချင်းတိုင်းရင်းသား လူငယ်လေးတစ်ဦးဆိုပေမယ့် စစ်တပ်အာဏာသိမ်းပြီးလိုက်တဲ့နောက်မှာ ပြည်သူလူထုနဲ့အတူ တက်ကြွစွာပါဝင်ဆင်နွဲရင်း စစ်ကောင်စီရဲ့ ရက်ရက်စက်စက်ပစ်ခတ်ဖြိုခွင်းမှုကြောင့် ခြေတစ်ဖက်ဆုံးရှုံးခဲ့ရပြီး ဒီဒဏ်ရာကြီးနဲ့ မတရား အကျဥ်းချတာကိုပါ ခံခဲ့ရတယ်။

“သာမန်လူတစ်ယောက်အဖို့တောင် ခက်ခဲတဲ့ ကာလကြီးမှာ ခြေတစ်ဖက်မရှိတဲ့ ကျတော့်အတွက် ထောင်ထဲကနေ့ရက်တွေက ပြောပြဖို့တောင်မလွယ်ဘူး” ဆိုပြီး သူပြောခဲ့တဲ့စကားကို ကြားမိတိုင်း ရင်ထဲမှာ ၀မ်းနည်းမိတယ်။

ကျီးကန်း ( ခ ) ကောင်းကောင်း

ထောင်ကလွတ်လာတယ် စကစရဲ့ချုပ်နှောင်မှုတွေကနေ လွတ်မြောက်လာတာနဲ့ သူ့ပြည်နယ်အတွက်၊ သူ့လူမျိုးအတွက်၊သူ့တိုင်းပြည်အတွက် ချိုင်းထောက်တစ်ဖက်ကို အားပြုပြီး စစ်ကောင်စီကိုပြန်လည်တော်လှန်ဖို့အတွက် သူ့ခြေထောက်ပေါ် သူမတ်မတ်ရအောင်ရပ်ပြီး တော်လှန်ရေးခရီးကြမ်းကြီးကို ဆက်လျှောက်ခဲ့တယ်။

“ကျတော့်မှာ လုပ်ရမယ့်တာ၀န်တွေရှိတယ် ကျတော့်ကြောင့် တောထဲဝင်သွားတဲ့ သူငယ်ချင်းတွေ၊ ခုလက်ရှိတိုက်ပွဲဝင်နေတဲ့ ကျတော့်လူမျိုးတွေအတွက် ကျတော်နိုင်တဲ့ဘက်က လုပ်ပေးရမယ့်တာ၀န်တွေ အများကြီးရှိတယ်ဗျာ”

“ခြေတစ်ချောင်းမရှိတော့တာနဲ့ သူများကိုမှီခိုပြီး ဒီတိုင်းငြိမ်နေလိုက်ဖို့ ကျတော့်မှာ လိပ်ပြာမလုံဘူး တစ်ချို့ဆို အသက်တွေတောင်ပေးနေရတာ ကျတော်ကခြေတစ်ချောင်းပဲ ပေးလိုက်ရတာ သူတို့ထက်စာရင်အများကြီး တော်ပါသေးတယ်ဗျာ”

ဒါက မင်းလွန် နဲ့တွေ့ရင် သူ့ဆီက ကြားနေရတဲ့စကားဖြစ်သလို ပြောတဲ့အတိုင်းလည်း သူက လုပ်ရပ်တွေနဲ့ သက်သေပြတယ် ။ တော်လှန်ရေးအတွက် သူနိုင်တဲ့ ဝန်ကိုထမ်းပြီး သူရတဲ့ဘက်ကနေ ရသလို ဒီနေ့အထိ တော်လှန်နေတယ်။ သတင်းသမား၊ အနုပညာသမားဖြစ်တဲ့အပြင် နိုင်ငံရေးခံယူချက်နဲ့ ယုံကြည်ချက်ပြင်းတဲ့သူတစ်ယောက်ဖြစ်တာကိုလည်း မြင်နေရတယ်။

” ကောင်းကောင်း (ခ) ကျီးကန်း”
တော်လှန်ရေးအတွက် သေနတ်ကိုင်ပြီး ရှေ့တန်းစစ်မျက်နှာပြင်လိုနေရာမှာ စကစနဲ့ သူသေကိုယ်ရှင်တိုက်ခိုက်ခဲ့တဲ့သူ။ ကင်မရာမန်း၊ ဓါတ်ပုံဆရာ ၊ ကင်မရာကိုင်တဲ့ လက်တွေကနေ သေနတ်ကိုင်တဲ့ လက်တွေအဖြစ်ပြောင်းလဲပြီး ပြည်သူ့ဘက်ကရပ်တည်ပေးခဲ့တဲ့သူ။

ဒီတော်လှန်ရေးကာလအတွင်း အဖေကိုဆုံရှုံးခဲ့တယ်၊ အမေကိုဆုံးရှုံးခဲ့သလို၊ သူ့ရဲ့ ချစ်လှစွာသော ညီအငယ်ဆုံးလေးကိုလည်း ရှေ့တန်းမှာ ဆုံးရှုံးခဲ့ရပြန်တယ်။

ကိုယ်တိုင်လည်း ခြေတစ်ဖက်ပြတ်သွားတဲ့အထိ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံပေါ်မှာ ပြန်မရှင်နိုင်တော့ဘူးလို့ လူတိုင်းက ထင်ခဲ့ကြတယ်။ ဒါပေမယ့် အကြောတင်းပြီး တော်လှန်ရေးနဲ့ ရေစက်မကုန်သေးတဲ့ကောင်တွေကို သေမင်းကလည်း ခေါ်ဖို့လန့်တယ်ထင်ပါရဲ့။

ဒဏ်ရာဗလပွနဲ့ခေါင်းထဲမှာလည်း ခုထိခွဲထုတ်လို့မရတဲ့ တစ်ချို့မိုင်းစတွေနဲ့ ကျီးကန်းတစ်ယောက် သေမင်းခေါ်ရာကို ငြင်းဆန်ပြီး ခုမြင်နေရတဲ့အတိုင်း ခြေတုတစ်ဖက်နဲ့ စစ်ကောင်စီနဲ့ မင်းအောင်လှိုင်ကို ကြိုးစင်တင်မယ့် အရေးမှာ အမြဲတမ်းတက်ကြွစွာ ပါ၀င်နေခဲ့တယ်။

“ကျတော့်မှာ မိဘတွေလည်းမရှိတော့ဘူး၊ ကျတော့်ညီလေးကိုလည်း လက်လွှတ်လိုက်ရပြီဆိုတော့ ကျတော့်မှာ ဒီ့ထက်ပိုပြီး ဆုံးရှုံးစရာမရှိတော့ဘူးဗျ ဒါကြောင့် ဒီကောင်တွေကို အဆုံးထိရအောင်တိုက်မယ်”

“နှောင်ကြိုးမှတစ်ပါး ဆုံးရှုံးစရာမရှိဆိုတာ ကျတော်တို့ကို့ပြောတာဗျ”

မင်းလွန်

“လာလေ ထပ်လာလေ ဘယ်လိုပုံစံမျိုးနဲ့ လောကဓံတွေလာမလဲ ၊ ဘယ်လိုပုံစံမျိုးနဲ့ စကစ ဘက်ကကောင်တွေလာမလဲ ကြိုက်တဲ့ပုံစံနဲ့လာ ရတဲ့နည်းနဲ့ချမယ် ကျတော့်အသက်က ဒီတော်လှန်ရေးအတွက်ပဲရှင်နေတာ”

“ဒီတော်လှန်ရေးမှာ ကျတော့်ဘက်က ဘာမှထပ်ပြီးဆုံးရှုံးဖို့ မရှိတော့သလို ငါဆုံးရှုံးရမှာပါလားဆိုပြီးလည်း တုန်လှုပ်နေရမယ့် အသိလည်း မရှိတော့ဘူး”

တကယ်လည်း ဒီစကားတွေကို ပြောနေတဲ့အချိန်မှာ သူ့ဘက်က ပေါ့ပေါ့ပါးပါးနဲ့ပြောနေပေမယ့် စွန်ရဲတစ်ကောင်ရဲ့ မျက်လုံးလို သူ့အကြည့်တွေမှာ စူးရှမှုတွေ ပါနေတာကို မြင်နေရတယ်။

( ကျတော် ကျီးကန်းနဲ့ ပတ်သက်ပြီး သူ့အကြောင်းချည်းသက်သက် တော်လှန်ပြည်သူတွေဖတ်ရအောင် ရေးနေပါသေးတယ် … လောလောဆယ်တော့ မျှော်ပေါ့)

ဒီလိုမျိုး သူတို့ နှစ်ယောက်ကိုမြင်ရတော့ ယခုအချိန်အထိ လက်အကောင်း၊ ခြေအကောင်းနဲ့ တော်လှန်ရေးမှာ ဘာမှဆုံးရှုံးမခံရဘဲ နေစိမ့်နေသူတွေ၊ အသံတိတ်နေသူတွေ၊ မျက်စိမှိတ်၊နားပိတ်ပြီး ၊ သောက်စားပျော်ပါး၊ မူးရူးကခုန်နေတဲ့ သူတွေကိုမြင်မိရင် သူတို့အစား ရှက်မိတယ်။
“ရှက်မိတယ်ဆိုတာထက် ပိုပြီးရွံမိတယ်ဆိုရင် မှန်လိမ့်မယ်”

မင်းလွန် နဲ့ ကောင်းကောင်းတို့လို တော်လှန်ရေးအတွက် အသက်တွေ၊ဘ၀တွေပေးဆပ်ခဲ့ရတဲ့ လူငယ်တွေ လက်ရှိကျတော်တို့နိုင်ငံမှာ အများကြီးရှိတယ်။ တောထဲမှာရှိတယ်၊ မြို့ပေါ်မှာ ရှိတယ် ခင်ဗျားတို့အားလုံးနေထိုင်ရာ ပတ်ဝန်းကျင်တိုင်းမှာလည်း ရှိတယ်။

ဒီလူငယ်တွေ ဘာအတွက် ပေးဆပ်နေတာလဲ ၊ ဘာအတွက်ပေးဆပ်ခဲ့တာလဲ ။ သူတို့ပေးဆပ်နေတာ တိုက်ဆောက်ဖို့လည်း မဟုတ်ဘူး၊ကားစီးဖို့လည်း မဟုတ်ဘူး၊သူတို့ တစ်ကိုယ်စာ ချမ်းသာဖို့အတွက်လည်း မဟုတ်ဘူး။

သူတို့ပေးဆပ်နေတာ ဒီတိုင်းပြည်ကြီးရဲ့ အနာဂတ်အတွက်၊ ဒီတိုင်းပြည်ကြီးပေါ်မှာရှိတဲ့ အာဏာရှင်ဆိုတဲ့ စနစ်ဆိုးကြီးတစ်ခုလုံးကို မြေလှန်ပစ်ဖို့အတွက်ပဲ။

ဒါကိုသိရဲ့နဲ့ တစ်ချို့သော လူ့တိရိစ္ဆာန်တွေက ဒီလူငယ်တွေရဲ့ မျက်နှာကိုမှမထောက် အာဏာရှင်နဲ့ပေါင်းတယ်၊ အာဏာရှင်ကို မျက်နှာလုပ်တယ်၊ အာဏာရှင်အလိုကျ ပွဲတွေကိုတက်တယ် ၊ တစ်ချို့ဆို အာဏာရှင်ကို ဖင်ပါ ပေးပေါင်းတယ်။

ဒီတော့ ခင်ဗျားတို့ မရှက်ဘူးလား၊ စောက်ရှက်တစ်စက်တောင် မရှိကြဘူးလား။ ခင်ဗျားတို့မှာ အသိတရားနဲ့ လူသားဆန်ပါတယ်ဆိုတဲ့ စိတ်ရောမရှိကြတော့ဘူးလား။

နောက်ပြီး ဒီလိုအကြောင်းတွေကိုရော ၊ ဒီလိုအသိတရားတွေကိုရော ခင်ဗျားတို့ စောက်ခေါင်းထဲရောက်အောင်၊ စောက်မျက်လုံးကနေမြင်အောင်၊ စောက်နားတွေကနေ ကြားအောင် ကျုပ်တို့က ဘယ်နှစ်ခါလောက် နာနာကျဥ်းကျဥ်းနဲ့ ထပ်ထပ်ပြီး အခါခါ ပြောနေရဦးမှာလဲ … ။

#RedNewsAgency

By Editor