ရခိုင်စစ်မျက်နှာသစ်နှင့်အတူ အရူးမီးဝိုင်းနေသည့် မင်းအောင်လှိုင်

“ရှမ်းမြောက်တစ်ခုတည်းတွင် စစ်မျက်နှာဖွင့်ပြီး တိုက်နေခြင်းမဟုတ်ဘဲ တနိုင်ငံလုံးအတိုင်းတာ၊ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စစ်မျက်နှာများဖွင့်ထားရခြင်းကြောင့် မင်းအောင်လှိုင်၏ စစ်တပ်မှာ ရှုံးပြီးရင်း ရှုံးနေမည်သာဖြစ်သည်”

လင်းယုန်

၁၀၂၇ စစ်ဆင်ရေးကြေငြာပြီးသည့်နောက်ပိုင်း နေ့စဉ်နှင့်အမျှ စစ်ရေးအရှိန် ပြင်းထန်လာနေပြီး တော်လှန်ရေးစစ်သည်များ၏ မြို့သိမ်းတိုက်ပွဲများ၊ စခန်းသိမ်းတိုက်ပွဲအောင်မြင်လာမှုများ နေရာအနှံ့အပြား မြင်တွေ့လာရပြီး စစ်မျက်နှာအသစ်များလည်း တစပြီး တစပို၍တိုးလာနေခြင်းကြောင့် စစ်ကောင်စီကို အရင်ထက်ပိုပြီး စစ်ကောင်စီကို ဖိအားများစေပြီး ပိုမိုအကြပ်ရိုက်စေသည့် အကြောင်းအချက်များစွာ ဖြစ်လာစေသည်။တချို့သော စစ်တပ် စခန်းများ၊ ရဲစခန်းများဆိုလျှင် တော်လှန်ရေးစစ်သည်များမှ မိနစ်ပိုင်းအတွင်းသိမ်း ပိုက်ထားနိုင်မှုများ တွေ့မြင်လာရပါသည်။

မြန်မာနိုင်ငံအတွင်းကေ ဒေသအတော်များများတွင် စစ်မျက်နှာပြိုင်တူဆင်နွဲ့လာခြင်းကြောင့် မင်းအောင်လှိုင်တစ်ယောက် ခြေမကိုင်မိလက်မကိုင်မိ အရူးမီးဝိုင်းလာပြီး တချို့သော တိုက်ပွဲဖြစ်စဉ်များတွင် စစ်ကူမပေးနိုင်တော့သည့် အခြေအနေအထိ ဆိုက်ရောက် လာပြီဖြစ်သည်။ အနီးစပ်ဆုံး သာဓကအနေဖြင့် ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းသိမ်း တိုက်ပွဲတွင် သေနတ်ဒဏ်ရာနှင့် အသက်ငင်နေသော စစ်ကောင်စီလက်အောက်ခံများက သူတို့ အသက်မသေခင်အထိ တကြော်ကြော်ဟစ်ခေါ်ပြီး လေယာဉ်ပစ်ကူတောင်းနေ ပါသော်လည်း အချိန်မီစေလွှတ်မပေးနိုင်ခြင်းမရှိကြောင်းကို တွေ့မြင်ကြပြီးဖြစ်သည်။

ပြည်သူကျွေးသည့် ရိက္ခာ၊ လစာ၊ ဆန်၊ ဆီး၊ ဆား၊ ပဲများကို စားသောက် ပြည်သူဆင်ပေးသည့် ယူနီဖောင်းကိုဝတ်၊ ပြည်သူ့ဘဏ္ဍာငွေနှင့်ဝယ်ယူထားသည့် စက်လက်နက်ပစ္စည်းကိုသုံးပြီး ပြည်သူကို သစ္စာဖောက်ပုန်ကန်၊ တိုင်းပြည်အာဏာကို မတရားလုယူရုံသာမက ပြည်သူကိုရန်သူသဖွယ်ရှု့မြင်ပြီး လက်နက်အားကိုး ပြည်သူ့အိုးအိမ်စည်းစိမ်များကို ခိုးဆိုးလုယက်၊ ပြည်သူများကို အရှင်လတ်လတ် အကြောင်းမဲ့ ညှင်းပန်းနှိပ်စက်သတ်ဖြတ် ယုတ်မာသည့်စစ်တပ်မှာ သက်ဆိုးရှည်စရာအကြောင်းမရှိသလို ခွင့်လွတ်ပေးနိုင်စရာအကြောင်းလည်း မရှိပါ။

လက်နက်အင်အား၊ လူအင်အားမည်မျှထိ သာနေပါသော်လည်း ပြည်သူ၏ ထောက်ခံအားပေးမှု၊ ပြည်သူ့နှလုံးသိမ်းကြုံးရယူမှုမရှိခြင်းကြောင့် ပြည်သူ့ကျိန်စာသင့်နေပြီဖြစ်သည်။ ပြည်သူကျွေးသည့်ထမင်း အခုတော့ အဆိပ်သင့်နေပြီဖြစ်သည်။ တခြားနိုင်ငံရှိစစ်တပ်များနည်းတူ နိုင်ငံနှင့်ပြည်သူကိုကာကွယ်ရင်း ဂုဏ်သိက္ခာရှိရှိ ကျရှုံးခြင်း မျိုးမဟုတ်ဘဲ ပြည်သူ့ကျိန်စာ အထပ်ထပ်သင့်ပြီး ပြည်သူ့ကျဉ်ဖတ်၊ သိပ်ရှက်စရာကောင်းသည့်အဖြစ်ဆိုးနှင့် ဂုဏ်သိက္ခာမဲ့စွာ ကျဆုံးနေသည့် မင်းအောင်လှိုင်စစ်တပ်ဖြစ်သည်။

စစ်နည်းဗျူဟာ ဘယ်လိုသာလည်း၊ စွဲကိုင်လက်နက် ဘယ်လိုထက်လည်း၊ ပြည်သူ့နှလုံးမသိမ်းကြုံးလျှင်၊ ပြည်သူ့ခွန်အား မကိုးစားလျှင်၊ ဓားသွားလည်းကြွေ လှံလည်းခွေအံ့ ဆိုသည့်လက်ဝဲသုန္ဒရ၏ နန္နီသေနပျို့ပါအတိုင်း စစ်ကောင်စီလက်ရှိ ကြုံတွေ့နေရပြီဖြစ်သည်။ ပြည်သူကျွေးသည့်ဆန်၊ ပဲစားပြီး ဆန်ဆိပ်သင့်၊ ပဲဆိပ်သင့် နေကြပြီဖြစ်သည်။


စစ်ကောင်စီထဲ၌ မကြာခဏ သုံးနေကျ၊ ပြောနေကျ စကားတစ်ခွန်းရှိပါသည်။ ငါကငယ်ကတည်းက ပဲစားပြီး ကြီးလာတာကွ။ မင်းတို့လိုမဟုတ်ဘူး။ ဆိုလိုသည် မှာမင်းတို့လိုအရပ်သား မိသားစုဘဝကနေ စစ်တပ်ထဲကို အခုမှရောက်လာခြင်း မဟုတ်ဘဲ စစ်သားမိဘများမှမွေးလာပြီး စစ်တပ်ထဲမှာ ကြီးပြင်းလာမှုကို ကြံဖန်ပြီး ဂုဏ်ယူဝံ့ကြွားသည့်အနေဖြင့်၊ လာမကျော်နဲ့၊ လာမခွနဲ့၊ စစ်တပ်ထဲမှာ ငါမသိတာ မရှိဘူးဆိုသည့်သဘောဖြင့် ပြောဆိုသည့်သဘောဖြစ်သည်။

ထိုသို့ဆိုတတ်သောစစ်ကောင်စီရှိ စစ်သားများ၊ ရဲများ ယခုအချိန်တွင် စစ်မျက် နှာတိုင်း၌ပဲဆိပ်သင့်ပြီး အိပ်နေသည်များလားဟု ထင်ရလောက်အောင် အစုလိုက် အပြုံးလိုက်သေဆုံးနေမှုများကိုတွေ့ရသည်။ လူ့အသက်တွေဟာ တန်ဖိုးရှိသော်လည်း ပြည်သူကို နှိပ်စက်သတ်ဖြတ်နေကြသည့် မင်းအောင်လှိုင်နဲ့ အပေါင်းအပါအများ မင်းအောင်လှိုင်လက်အောက်ခံများက သနားစရှိပါ။ လမ်းမပေါ်က ပြည်သူတွေကို ရက်ရက်စက်စက် ခေါင်းကိုပစ်ခတ်ခဲ့ကြသည်၊ ရွာလုံးကျွတ် မီးရှို့ပစ်ခဲ့ကြသည်၊ ပြည်သူတွေမှာ ခုခံစစ်မှတပါး ရွေးချယ်စရာမရှိသည့်အဆုံး လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲရခြင်းသာဖြစ်သည်။

မင်းအောင်လှိုင်တပ်အနေဖြင့် ပြည်သူကကျွေး၊ ပြည်သူကမွေးတဲ့ စစ်သား၊ ရဲသားများက ထမင်းရှင် ပြည်သူကို ပြန်သတ်နေခြင်းလောက် ယုတ်ညံ့သည့်စိတ်ထား၊ အောက်တန်းကျသည့် လုပ်ရပ်သမိုင်းတွင်မရှိကြောင်း သိစေချင်ပါသည်။ အသိဉာဏ်အားနည်းပြီး တရိစ္ဆာန် ဖြစ်သောခွေးပင်လျှင် ထမင်းရှင်ကို ပြန်မကိုက်ကြောင်း နားလည်သင့်ပါသည်။

ထို့အတွက်ကြောင့် ပြည်သူနှင့်ပူးပေါင်းသည့် တပ်မတော်သားများ၊ ပြည်သူနှင့်အတူ စစ်ကောင်စီကို လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီလက်အောက်မှ ရုန်းထွက်လာသည့် ယခင်အစိုးရဝန်ထမ်းများလည်း လက်နက်ကိုင်ခုခံစစ်ဆင်နွှဲနေသည်မှာ အားလုံးအသိဖြစ်သည်။


စစ်တပ်အတွင်း၌ ကွမ်းလုံရက် ၄၀ သမိုင်းဝင်တိုက်ပွဲဟု ဂုဏ်ယူမဆုံး ပြောဆိုတတ်ကြသော ကွမ်းလုံမြို့ကိုပင် ညီနောင်မဟာမိတ်များနှင့်ပူးပေါင်းတပ်များ၏ တိုက်ခိုက်ရေးစွမ်းရည်နှင့်ပူးပေါင်းစည်းလုံးမှုအားကြောင့် စစ်ဆင်ရေး ၁၂ ရက်တာကာလအတွင်း အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း တွေ့ရသည်။ မြောက်ပိုင်းညီနောင်မဟာမိတ်များ ဆင်နွှဲနေသည့် ၁၀၂၇ စစ်ဆင်ရေးကိုလည်း ပြည်သူအားလုံးက ကြိုဆိုလိုက်ကြသည်။ တမြို့ပြီးတမြို့သိမ်းပြီးတိုင်း ပြည်သူများမှာ အားရဝမ်းသာရှိသည်မှာ အားလုံးအသိဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် မင်းအောင်လှိုင်တစ်ယာက် သောကအပူမီးများတောက်လောင်နေပြီး မဟာမိတ်ညီနောင်များ၏ သမိုင်းတင်ကမ္ဗည်းထိုး ဂုဏ်ယူသင့်သည့် မြို့သိမ်းတိုက်ပွဲဟုဆိုရမည်ဖြစ်သည်။ ကွမ်းလုံမြို့သိမ်းတိုက်ပွဲပြီးပြီးချင်း ရှမ်းမြောက်ရှိ မြို့နယ် ၈ မြို့နယ်ဖြစ်သော ကွန်ခိုင်မြို့နယ်၊ ကွမ်းလုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ မူဆယ်မြို့နယ်၊ လားရှိုးမြို့နယ်၊ သိန်းနီမြို့နယ်၊ ကုန်းကြမ်းမြို့နယ်၊ လောက်ကိုင် မြို့နယ်တို့ကို သွေးရူးသွေးတန်းစစ်အုပ်ချုပ်ရေး(Mertial Law) ထုတ်ပြန်ရသည့် အခြေအနေထိ မင်းအောင်လှိုင်ဆောင်ရွက်လာသည်။ သို့သော် မင်းအောင်လှိုင်ထုတ်တဲ့အမိန့်တွေဟာ မြောက်ပိုင်းမဟာမိတ်တွေအတွက်တော့ ထူးခြားမှုမရှိပါ။

မည်သည့်နည်းလမ်းဖြင့် မင်းအောင်လှိုင်မှ ထုတ်ပြန်ချက်၊ ညွှန်ကြားချက်များထုတ်ပြန်နေသော်လည်း နှစ်ပေါင်းများစွာ စစ်ရေးအခြေခိုင်လာပြီဖြစ်သည့် မဟာမိတ်ညီနောင် တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်များအနေဖြင့် မှုစရာမရှိပါ။ ရှမ်းမြောက်တစ်ခုတည်းတွင် စစ်မျက်နှာဖွင့်ပြီး တိုက်နေခြင်းမဟုတ်ဘဲ တနိုင်ငံလုံးအတိုင်းတာ၊ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စစ်မျက်နှာများဖွင့်ထားရခြင်းကြောင့် မင်းအောင်လှိုင်၏ စစ်တပ်မှာ ရှုံးပြီးရင်း ရှုံးနေမည်သာဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ရေးအချက်အခြာကျသော မြို့များ၊ စစ်စခန်း၊ ရဲစခန်းများနှင့် ပြည်သူ့ စစ်စခန်းပေါင်း ရာကျော်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယား ပြည်နယ်၊ သံလွင်မြစ်အရှေ့ ခြမ်း၊ အနောက်ခြမ်းနှင့် တနင်္သာရီတိုင်းစသည့်နေရာများကို တော်လှန်ရေးစစ်သည်များ၏ ထိန်းချုပ်နယ်မြေ များစွာရှိလာပြီဖြစ်သည်။ စစ်ကောင်စီတပ်အနေဖြင့် တချို့သောနေရာများတွင် စစ်ကြောင်းထိုး ပြည်သူကို သတ်ဖြတ်မှုများသာ ပြုလုပ်နိုင်ပြီး ထိန်းချုပ်နိုင်မှုမရှိတော့သည်မှာ အားလုံးအသိဖြစ်သည်။

အလားတူ စစ်ကောင်စီအတွက်နိဂုံးချုပ်ပေးမည့် စစ်မျက်နှာသစ်တစ်ခု ရခိုင်ပြည်တွင် ယမန်နေ့က ထပ်မံမြင်တွေ့လာပြန်ပါသည်။ ရခိုင်ပြည်နယ်မြောက်ဦးမြို့တွင် အရပ်ဝတ် များဖြင့်ကင်းလှည့်နေသည့် ရဲ ၆ ဦးကို ရက္ခိုင့်တပ်တော် ULA/AA က နိုင်ဝင်ဘာလ ၇ ရက်နေ့ တွင်ဖမ်းဆီးထိန်းသိမ်းထားပြီး နိုဝင်ဘာလ ၈ ရက်နေ့ နေ့လည်ပိုင်းတွင် နှစ်ဘက်ညှိနှိုင်းပြီး ပြန်လွတ်ပေးခဲ့ကြောင်းသိရသည်။

ထို့နောက် နိုဝင်ဘာ ၁၃ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် မင်းပြားမြို့ နယ်တွင် စစ်ကား ၂ စီးကို AA က မိုင်းဆွဲတိုက်ခိုက်သိမ်းပိုက်ပြီး၊ ရသေ့တောင် မြို့နယ်ရှိ စစ်တပ်၏ ဒုံးပိုက်ကျေးရွာနှင့် ချိန်ခါလီကျေးရွာရှိ နယ်ခြားစောင့်စစ်စခန်း များကိုဝင်ရောက်တိုက်ခိုက်ရာ ဒုံးပိုက်စခန်းကို သိမ်းပိုက်ရရှိထားကြောင်း၊ နောက်တနေ့မှာတော့ ချိန်ခါလီနယ်ခြားစောင့်စခန်းကို အပြီးသတ် သိမ်းပိုက်လိုက်သည်။

ယင်းတရက်တည်းမှာပင် စစ်ကောင်စီတပ် ခလရ (၂၃၂) မှ ဒုတပ်ရင်းမှူးအပါအဝင် စစ်သုံ့ပန်း ၁၀ ဦးကိုAA ကဖမ်းဆီးလိုက်ပါတယ်၊ ယင်းနေ့ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ၂၄ ဦးအနည်းဆုံး ကျဆုံးခဲ့ပြီး အလင်းဝင်လာသူ ၂၈ ဦးထိ ရှိခဲ့ပါသည်။

ရက္ခိုင့်တပ်တော်သည် ညီနောင်မဟာမိတ်များနှင့်အတူ ရှမ်းမြောက်တိုက်ပွဲ၊ KIA နှင့်ပူးပေါင်းပြီး ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲများတွင်လည်း ပါဝင်နေခြင်းဖြစ်သည်။ ယခုဆိုလျှင် ညီနောင်မဟာမိတ်များက တိုက်ပွဲမဝင်သေး စောင့်ကြည့်နေကြသည့် တော်လှန်ရေးအင်အားစုများကို ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ အခြားသော စစ်ဆင်ရေးများ ပြုလုပ်ရန် တိုက်တွန်းထားသည်။


ကရင်နီပြည်မှာလည်း မြို့သိမ်းတိုက်ပွဲ ထိုးစစ်စတင်နေပြီဖြစ်သည်၊ ချင်းပြည်နယ်မှာလည်း စစ်ကောင်စီလက်အောက်ခံတွေကို ထိုးစစ်စတင်သည့်အနေအထားကို မြင်နေရပြီး တောင်းပိုင်းတိုင်းနှင့် ပဲခူးတိုင်းသာ စစ်ရေးပြင်းထန်လာပါက စစ်ကောင်စီအတွက်ကား ပြေးပေါက်မရှိအောင် ပိတ်ဆို့ထားနိုင်ပြီဖြစ်သည်။

ယခု မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် AA နှင့် စစ်ကောင်စီတပ်များ လက်ရှိအချိန် ရခိုင်ပြည်တွင် အကြား တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီဖြစ်သည်။ ထို့ကြောင့် ရခိုင်စစ်မျက်နှာသည် မင်းအောင်လှိုင် အကြောက်ဆုံး စစ်မျက်နှာဖြစ်ပြီး သူအကြောက်ဆုံးအရာသည် သူ့ရှေ့တည့်တည့်တွင် ရောက်ရှိလာနေပြီး ကျားရှေ့မှောက်လျက်လဲသည့်စကားပုံအတိုင်း မင်းအောင်လှိုင်ဖြစ်နေပြီဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။

အကြမ်းဖက် အာဏာသိမ်း စစ်အာဏာရှင် မင်းအောင်လှိုင်

#RedNewsAgency

By Editor