AA တရက်တာတိုက်ပွဲတွင် စစ်တပ်မှ ၂၄ ဦး အနည်းဆုံးကျပြီး ဒုတပ်ရင်းမှူး အပါအဝင် ၁၀ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရ

RNA_နိုဝင်ဘာ (၁၄)၊ ၂၀၂၃ ခုနှစ်။
ရခိုင်ပြည်နယ် ရက္ခိုင့်တပ်တော် – AA နှင့် စစ်ကောင်စီတပ်လက်အောက်ခံများ ယမန်နေ့က မြို့နယ် ၃ ခုတွင် တိုက်ပွဲ ၅နေရာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အနည်းဆုံး ၂၄ ဦးသေဆုံးပြီး ဒုတပ်ရင်းမှူးအပါအဝင် စစ်သုံ့ပန်းအဖြစ် ၁၀ ဦးဖမ်းဆီးရမိသည်ဟု AA ကထုတ်ပြန်ထားသည်။
မင်းပြားမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ (၂) ပွဲအတွင်း စစ်ကောင်စီ၏ စစ်တွေအခြေစိုက်၊ ခမရ(၃၄၄) တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူးသန့်ဇင်ထွန်း၊ တပ်စုမှူး ဗိုလ်ကြီး ဖြိုးဇေယျာလှိုင်အပါအဝင် စစ်သုံ့ပန်း ၁၀ ဦးဖမ်းဆီးရမိပြီး ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၀ ဦးကျဆုံးကြောင်း သိရသည်။
မောင်တောမြို့ မြောက်ပိုင်း၊ သင်္ဘောလှရွာအနီး စစ်ကောင်စီ၏ ခလရ (၂၃၂) တပ်ရင်းနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် သုံ့ပန်းတစ်ဦးအပါအဝင် စစ်ကောင်စီ၏ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်မှ ဒု စစ်ကြောင်းမှူး ကျော်သက်နိုင်ပါအဝင် ၁၄ ဦးခန့် ကျဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရက္ခိုင်ဒေသ၌ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ နိုဝင်ဘာလ ၁၃ နေ့က ရသေ့တောင်၊ မောင်တောနှင့် မင်းပြားမြို့နယ်ရှိ နေရာ (၅) ခု တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းအား နေ့တွင်းချင်း သိမ်းပိုက်ရရှိမိပြီး ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းအား ယနေ့ နိုဝင်ဘာလ (၁၄) ရက်၊ နံနက် (၇) နာရီခွဲတွင် AA ရဲဘော်များက အပြီးသတ်သိမ်းပိုက်ခဲ့သည်။
ယမန်နေ့တိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော်မှ အာရက္ခစစ်သည်တော် (၆) ဦးမှာ စစ်ဆင်ရေးရည်မှန်းချက် အကောင်အထည်ဖော်တိုက်ပွဲများအတွင်း အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရကြောင်း၊ ဖမ်းဆီးရမိထားသော စစ်ကောင်စီ၏ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင်များအားလုံးအား နိုင်ငံတကာစစ်သုံပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားလျက်ရှိကြောင်း သိရသည်။
အပေါက်ဝမြို့နယ်တွင်ရှိသော စစ်ကောင်စီ၏ လက်အောက်ခံ “အပေါက်ဝ ရဲစခန်း” မှ ရဲတပ်ဖွဲ့ ဝင် (၂၂) ယောက်စလုံးသည်ရက္ခိုင့်တပ်တော် (AA) ထံသို့ လက်နက်များ နှင့်အတူ အသာတကြည် လက်နက်ချအလင်းဝင်လာခဲ့ကြောင်း၊ အခြားသောနေရာ ၂ ခုမှလည်း ရဲ (၆)ဦး တို့သည်လည်း လက်နက်နှင့်တကွ လက်နက်ချအလင်းဝင်ခဲ့ကြောင်း၊ အလင်းဝင်သူများကို ဆက်လက်ခံမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ရက္ခိုင့်တပ်တော်အနေဖြင့် လက်နက်ချမညံ့မခံသော စစ်ကောင်စီလက်အောက်ခံများကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ ယမန်နေ့ တစ်ရက်တည်းတွင် စစ်ကောင်စီလက်အောက်ခံ၊ နယ်ခြားစောင့်တပ် နှင့် ရဲစခန်း စုစုပေါင်း စခန်း (၄၀) နီးပါးကို စွန့်လွှတ်ထားခဲ့ပြီး နီးစပ်ရာ စစ်ကောင်စီ၏ စစ်ခန်းများတွင် လည်းကောင်း၊ ရဲစခန်း(၃) ခုအား တစ်ခုအဖြစ် စုပေါင်း၍ ပူးပေါင်းထားကြောင်း သိရသည်။
#RedNewsAgency
By Editor