ခမရ ၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်ပြီး တပ်ရင်းတရင်းလုံး ပြည်သူ့ရင်ခွင်ခိုလှုံ

RNA_နိုဝင်ဘာ(၁၄)၊ ၂၀၂၃ ခုနှစ်။

ကိုးကန့် အထူး (၁)၊ ရှီးရှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာတွင် အခြေချတပ်ရင်းတစ်ခုဖြစ်သော စစ်ကောင်စီတပ် ဒကစ (လောက်ကိုင်) လက်အောက်ခံတပ်ရင်း ခမရ (၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင် ဦးဆောင်သည့် တပ်ရင်းတစ်ရင်းလုံး ညီနောင်မဟာမိတ် ၃ ဖွဲ့ထံဆက်သွယ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့၊ ညနေ (၈) နာရီ (၃၀) မိနစ်အချိန်တွင် ခမရ (၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်သည့် တပ်ရင်းတစ်ရင်းလုံး နှင့် တပ်မိသားစုဝင်များအားလုံးကို ခေါ်ဆောင်ကာ မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ထံသို့ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်အတွင်း ဝင်ရောက်လာကြသူ တစ်ဦးချင်းစီအား မြန်မာကျပ်ငွေ (၁၀ သိန်း)၊ မိသားစုဝင်တစ်ဦးချင်းစီအား တစ်ဦးလျှင် (၁) သိန်းစီ ချီးမြှင့်ပေးအပ်ခဲ့ပါသည်ဟု ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။


အလင်းဝင်သူ တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် (၁၂၆) ဦးနှင့်အတူ တပ်ဖွဲ့ဝင်များ၏ မိသားစု၊ သားသမီး၊ ညီအစ်ကိုမောင်နှမ (၁၃၄) ဦးပါဝင်ပြီး စစ်ဘက်အရပ်ဘက် စုစုပေါင်း (၂၆၂) ဦးတို့၏ အသက်၊ အန္တရာယ်ကို ငဲ့ညာထောက်ထားသောအားဖြင့် တပ်ရင်း တစ်ရင်းလုံးကို ဦးဆောင်ခေါ်ယူနိုင်ခဲ့သော တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင်အား မိမိတို့ သာမက မြန်မာပြည်သူလူထုတစ်ရပ်လုံးမှလည်း ရဲရင့်သော သူရဲကောင်းတစ်ဦးအဖြစ် အမြဲတမ်း မှတ်တမ်းတင်ဂုဏ်ပြုကြမည်မှာ အမှန်ပင်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By Editor