၁၀၂၇ စစ်ဆင်ရေးအတွင်း တပ်မမှူး တဦးသေဆုံးခဲ့ပြီး တပ်စခန်းများ ဆက်တိုက်သိမ်းပိုက်ခံနေရ

RNA_နိုဝင်ဘာ(၇)၊၂၀၂၃ ခုနှစ်။

ညီနောင်မဟာမိတ် (၃) ဖွဲ့ ဆင်နွှဲနေသည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ် သေဆုံးသူများထဲတွင် တပ်မမှူးတဦးပါရှိပြီး ယနေ့အထိ စစ်ကောင်စီစခန်းများ ဆက်လက်သိမ်းပိုက်ခံနေရကြောင်း၊ နမ့်ခမ်းမြို့ကိုလည်း TNLA က ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

MNDAA၊ AA နှင့် ပူးပေါင်းတပ်ဖွဲ့များ ကိုးကန့်၊ မုံးကိုး နှင့် မူပန်(သိန္နီ) ဒေသများအတွင်း စစ်ကောင်စီတပ်စခန်း ယမန်နေ့က သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်မှ တပ်မမှူး လက်နက်ကြီးပေါက်ကွဲမှုအတွင်း သေဆုံးခဲ့ကြောင်း၊ သံလွင်မြစ်အနောက်ဘက်ခြမ်း ကွမ်းလုံဒေသရှိ စစ်ကောင်စီ၏ လက်နက်ကြီးစခန်းနှင့် ဗျူဟာကုန်းများကို ထိုးစစ်တိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်သတင်းမှာ ဖော်ပြထားသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း NNDAA၊ TNLA၊ AA နှင့် ပူးပေါင်းအဖွဲ့များက ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီတပ်စခန်းများကို ဆက်လက်တိုက်ခိုက် သိမ်းပိုက်နေကြောင်း၊ ၁၀၂၇ စစ်ဆင်ရေး ၁၂ ရက်မြောက်နေ့ထိ စစ်ကောင်စီတပ်စခန်း (၁၉၉) ခုကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ယနေ့ မုံးကိုးဗျူဟာကုန်းတွင် MNDAAမှ ဝီဇာအမြောက် (၂) လက်ကိုဖျက်ဆီးခဲ့ပြီး EE-9 ဘီးအမျိုးအစား သံချပ်ကာ (၁)စီးကိုသိမ်းယူခဲ့ပါသည်ဟု ကိုးကန့်သတင်းအရ သိရသည်။

#RedNewsAgency

By RNA Editor