နေပြည်တော်ကို ကာကွယ်ဖို့ မန္တလေးဟာ စစ်​ကောင်စီရဲ့နောက်ဆုံးခံတပ်လား?

“မန္တလေးမြို့ကို ဦးတည်တဲ့  “ကနောင် စစ်ဆင်ရေး” ဟာ စစ်ကောင်စီကို အဓိက တုန်လှုပ်စေခဲ့ခြင်းဖြစ်တယ်။ ဘာ့ကြောင့်လဲဆိုတော့ မြန်မာပြည်အထက်ပိုင်းကနေ စစ်ကောင်စီအခြေစိုက်တဲ့ နေပြည်တော်ကို ဝင်ဖို့ဆိုရင်၊ မန္တလေးဟာ အဓိက ခံတပ်သဖွယ်ဖြစ်နေတာကြောင့်ပါ။ တောင်ပိုင်းမှုဆိုရင် KNU လက်အောက်ခံ တပ်တွေဟာ စစ်တောင်းမြစ်တဖက်ကမ်းကနေ စိမ့်ဝင်လာပြီး၊ ရေတာရှည်၊ ဆွာ၊ သာဂရ၊ မြို့လှ၊ ရေနီဘက်ကနေလည်း ဝင်မလာနိုင်အောင် စစ်တပ်အနေနဲ့ ဂိတ်စခန်းတွေအခိုင်အမာချပြီး ပိတ်ဆို့မှုတွေလုပ်ဆောင်နေတာပါ”

မောင်ဝိ

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့မှာ မန္တလေး PDF ရဲ့ တိုက်ပွဲသတင်းကို ဖတ်မိပြီး တကယ့်ကိုအားတက်သွားခဲ့တယ်။ အဲ့ဒါက စစ်ကောင်စီကို ၃ လတာတိုက်ခိုက်ခဲ့တဲ့ မန္တလေး PDF  ရဲ့ “ကနောင် စစ်ဆင်ရေး” ပဲဖြစ်တယ်။ကနောင် စစ်ဆင်ရေးကို ဇူလိုင် ၁၅ ရက်ကနေ စက်တင်ဘာ ၁၀ ရက်အထိ မန္တလေးတိုင်း မတ္တရာ၊ မိုးကုတ်နဲ့ ရှမ်းမြောက် နောင်ချို၊ ကျောက်မဲမြို့နယ်တွေမှာ ဖော်ဆောင်ခဲ့တာဖြစ်တယ်။ တိုက်ပွဲအတွင်းမှာဆိုရင် စစ်တပ်ဘက်က ဗိုလ်ကြီး ၂ ဦး၊ စစ်ကြောင်းမှူးတစ်ဦး၊ ဒုစစ်ကြောင်းမှူးတစ်ဦးနဲ့ တပ်သား ၇၆ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါဟာ “ကနောင်စစ်ဆင်ရေး”ရဲ့ တစ်စိတ်တစ်ပိုင်းသာရှိသေးပြီး စစ်ဆင်ရေးဟာယခုထိမပြီးဆုံးသေးဘူးလို့လည်း မန္တလေး PDF ကကြေညာထားပါတယ်။ အခုလိုမျိုးပဲ မန္တလေး PDF ရဲ့ တိုက်ပွဲပုံဖော်မှု ကြီးကြီးမားမားနောက်တခုရှိပါသေးတယ်။ အဲ့ဒါကမန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်နဲ့ ရှမ်းပြည်နယ်၊ နောင်ချိုမြို့ နယ်တွေမှာ အာဏာ သိမ်းစစ်ကောင်စီတပ်နဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့ကစပြီး၊ ဩဂုတ်လ ၃၀ ရက်နေ့အထိ စစ်ကောင်စီကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲအတွင်း မန္တလေးPDFနဲ့မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က (၄၀) ဝန်းကျင်သေတယ်လို့ ခန့်မှန်းရပြီး၊ စစ်ကောင်စီက လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်ခဲ့ရတာပါ။

ဒီတိုက်ခိုက်မှုတွေကိုကြည့်ရမယ်ဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်တိုးတက်လာမှုကိုမြင်တွေ့နိုင်တယ်။ ဒီနေရာမှာ မန္တလေး PDF ရဲ့စတင်တိုက်ခိုက်တဲ့ အချိန်မှာ ထူးခြားချက်တခုတွေ့ရတယ်။ ဒါက စစ်တပ်ကိုစတိုက်ပြီဆိုရတည်းက ကတုတ်ကျင်းတွေ တူးပြီးတိုက်လာတာအပြင်၊ ပျောက်ကြားနဲ့ သမရိုးကျ တိုက်ပွဲကိုပေါင်းစပ်တိုက်ခိုက်လာနိုင်တာပါ။ ဒါ့အပြင် လူမှုကွန်ယက်တွေကပုံအရဆိုရင် မန္တလေး PDF ရဲ့ ပုံရိပ်တွေဟာ တကယ့်တပ်မတော် အသွင်မျိုးဖြစ်ပြီး၊ စွမ်းရည်ပြည့်ဝတဲ့ အသွင်သဏ္ဍာန်ဆောင်ပါတယ်။

ဒီစစ်ဆင်ရေးတွေရဲ့နောက်မှာ တိုင်းရင်းသား EAO တွေရဲ့ အခန်းကဏ္ဍက အရမ်းအရေးပါခဲ့ပါတယ်။ “ကနောက်စစ်ဆင်ရေး”မှာဆိုရင် မန္တလေး PDF နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ပူးတွဲ တိုက်ပွဲဝင်ခဲ့ကြတာပါ။ စစ်ဆင်ရေးတွေမှာ ကွပ်ကဲမှု၊ အုပ်ချုပ်ထောက်ပံ့မှုတွေ ကောင်းမွန်ခဲ့တဲ့အတွက် အခုလို အောင်မြင်မှုတွေရနေခဲ့တယ်လို့ဆိုရပါမယ်။ ဒီနေရာမှာ ဘာသွားတွေ့သလဲဆိုရင် စည်းလုံးမှုနဲ့ စုစည်းတိုက်ခိုက်နိုင်မှုပါ။ မန္တလေး PDFက သူ့ဘာသာတိုက်လို့မရဘူးလားဆိုရင်၊ သူ့ချည်းလဲတိုက်လို့ရပါတယ်၊ သို့သော် စစ်ရေးအတွေ့အကြုံများပြီး၊ လက်နက်အင်အားရှိတဲ့ TNLAနဲ့အတူလက်တွဲပြီး၊ စည်းလုံးမှုနဲ့အနိုင်ယူတဲ့အချိန်မှာ ပန်းတိုင်ကိုအလျင်အမြန်ပိုရောက်တာမျိုးပေါ့။ 

လွန်ခဲ့တဲ့ ၂၀၂၁ ကာလရဲ့ အခြေအနေနဲ့နှိုင်းယှဥ်ကြည့်မယ်ဆိုရင် PDF တပ်ဖွဲ့တွေဟာ သူတို့ကိုင်ထားတဲ့ လက်နက်တွေကို နည်းပညာမြင့်ပိုမိုအသုံးချလာနိုင်သလို၊ အမိန့်နာခံတတ်မှုလည်းအားကောင်းလာခဲ့တယ်။ ဒါက တပ်မတော်တခုမှာရှိသင့်ရှိထိုက်တဲ့ လက္ခဏာတွေပါ။ အခုလက်ရှိမှာ စစ်ဆင်ရေးတွေကိုဗျူဟာမြောက်ပုံဖော်လာနိုင်ပြီး၊ စစ်ကောင်စီကို မြန်မြန်ဆန်ဆန်နဲ့ ပိုမိုဖြုတ်ချနိုင်ပါလိမ့်မယ်။ ဘာ့ကြောင့်အခုလိုပြောရသလဲဆိုရင် မန္တလေး PDF က ပုံဖော်ခဲ့တဲ့ “ကနောင်စစ်ဆင်ရေး” ဟာ မန္တလေးတိုင်း မတ္တရာ၊ မိုးကုတ်နဲ့ ရှမ်းမြောက် နောင်ချို၊ ကျောက်မဲတွေအထိ “သမရိုးကျ” တိုက်ပွဲဖော်ဆောင်သွားခဲ့တာပါ။ 

“ကနောင်စစ်ဆင်ရေး” ဆင်နွှဲနေတဲ့တိုက်ပွဲကြာချိန်ကလည်း ဇူလိုင်လကနေ စက်တင်ဘာလအထိ ၃ လတာ တိုက်ပွဲဖော်ဆောင်ခဲ့တာဖြစ်ပြီး ခုထိမပြီးဆုံးသေးပါ။ အာဏာသိမ်းခါစ လက်နက်ခဲယမ်း၊ကျည်မလုံလောက်မှုအပြင် အမိန့်နာခံတယ်ဆိုတာကလည်း ဘာမှန်းမသိခင်က စစ်တပ်ထောက်ခံသူတွေပြောကြတဲ့ “ PDF တွေက ပစ်ပြေးအဆင့်ပါကွာ” ဆိုတဲ့စကားကို တော်လှန်ရေးကာလ ၂ နှစ်အတွင်းချိုးဖျက်နိုင်ခဲ့တယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ဒုတိယ စီးပွားရေးမြို့တော်လည်းဖြစ်၊ စစ်ကောင်စီအဓိကထိန်းချုပ်မှုတွေပြုလုပ်နေတဲ့ မန္တလေးတိုင်းအတွင်းမှာပါ လနဲ့ချီတဲ့တိုက်ပွဲတွေဖော်ဆောင်သွားခဲ့တာပါ။

“ကနောင်စစ်ဆင်ရေး” နဲ့ တဆက်တည်းမှာပဲ စစ်ကောင်စီတပ်တွေဟာ မန္တလေးမြို့နယ်တွေထဲကို အင်အားတိုးချဲတာတွေကို ပြီးခဲ့တဲ့ သြဂုတ်လပိုင်းကစပြီးလုပ်ဆောင်နေတယ်လို့ မြေပြင်သတင်းတွေက သိရတယ်။ စစ်ကောင်စီတပ်တွေဟာ မန္တလေးတိုင်း ငါးဇွန်မြို့နယ်မှာ စစ်သားအင်အား ၂၅၀ ကျော်ထပ်မံတိုးချဲ့ထားပြီး၊ငါးဇွန်မြို့နယ်ဟာဆိုရင်လည်း PDF အားကောင်းတဲ့ မြိုင်၊ မြင်းမူ၊ စစ်ကိုင်းမြို့နယ်တွေနဲ့ ဧရာဝတီမြစ်ပဲခြားပြီး စပ်ဆက်မှုတွေရှိပါတယ်။ 

ဒါ့အပြင်စစ်ကောင်စီကို မကြာခနတိုက်ခိုက်နေတဲ့နွားထိုးကြီး၊ မြင်းခြံမြို့တွေနဲ့လည်း တဆက်တည်းဖြစ်ပါတယ်။ ဒါ့ကြောင့် PDF တွေဝင်လာရင် မန္တလေးမြို့ကို ငါးဇွန်မြို့ကနေ တဆင့်ကာရအောင် တပ်စခန်းတွေအင်အားတိုးချဲ့ အထိုင်ချနေခြင်းဖြစ်တယ်။နောက်ထပ်လည်း မန္တလေးမြို့ကို PDF ဝင်လာနိုင်တဲ့မတ္တရာ၊ သပိတ်ကျင်း၊ တကောင်းမြို့ စတဲ့ နေရာတွေကိုလည်း စစ်ကောင်စီက အင်အားဖြည့်တင်းမှုတွေလုပ်နေပါတယ်။

စစ်ကောင်စီအနေနဲ့ ဘာကို အဓိကကြောက်သလဲဆိုရင် တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်း၊ မကွေးစတဲ့ဒေသတွေက တော်လှန်ရေးမီးတွေဟာ သူတို့ထိန်းချုပ်ထားနိုင်တယ်လို့ထင်တဲ့ နယ်မြေတွေကိုပါ ကူးစက်လာမှာကိုပါပဲ။ ဒါ့ကြောင့် စစ်တပ်ဟာ အင်အားမလုံလောက်တဲ့ကြားက မန္တလေးမြို့နယ်အတွင်းက နယ်မြေခံအထိုင်တပ်တွေကနေ ထုတ်နှုတ်အင်အားတွေနဲ့ ကြိုတင်ပိတ်ဆို့နေခြင်းပဲဖြစ်တယ်။ ဒါပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ စစ်ကိုင်း၊မကွေးအပြင် ရှမ်းပြည်နယ်ဘက်ကပါ မန္တလေးမြို့နယ်တွေအတွင်းစိမ့်ဝင်လာတာကို တော်လှန်ရေး သတင်းရင်းမြစ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်ကနေသိရတယ်။

ဒီတော့ မန္တလေးမြို့ကို ဦးတည်တဲ့  “ကနောင် စစ်ဆင်ရေး” ဟာ စစ်ကောင်စီကို အဓိက တုန်လှုပ်စေခဲ့ခြင်းဖြစ်တယ်။ ဘာ့ကြောင့်လဲဆိုတော့ မြန်မာပြည်အထက်ပိုင်းကနေ စစ်ကောင်စီအခြေစိုက်တဲ့ နေပြည်တော်ကို ဝင်ဖို့ဆိုရင်၊ မန္တလေးဟာ အဓိက ခံတပ်သဖွယ်ဖြစ်နေတာကြောင့်ပါ။ တောင်ပိုင်းမှုဆိုရင် KNU လက်အောက်ခံ တပ်တွေဟာ စစ်တောင်းမြစ်တဖက်ကမ်းကနေ စိမ့်ဝင်လာပြီး၊ ရေတာရှည်၊ ဆွာ၊ သာဂရ၊ မြို့လှ၊ ရေနီဘက်ကနေလည်း ဝင်မလာနိုင်အောင် စစ်တပ်အနေနဲ့ ဂိတ်စခန်းတွေအခိုင်အမာချပြီး ပိတ်ဆို့မှုတွေလုပ်ဆောင်နေတာပါ။ပြောရမယ်ဆိုရင် ဒါဟာ စစ်ကောင်စီကိုမနိုင်ဝန်ထမ်းရာရောက်ပါတယ်။ ဒါ့အပြင်နေပြည်တော်အရှေ့ဘက်မှာဆိုရင် စစ်ကောင်စီ တပ်မ ၃ ခုလောက်နဲ့ ပိတ်ဆို့ထားရတဲ့ တော်လှန်ရေးအားကောင်းတဲ့ ကရင်နီပြည်နယ်ရှိပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် စစ်ကောင်စီအတွက် ထွက်ပေါက်ဆိုတာ ပိတ်သလောက်ရှိနေပါပြီ၊ ဒါပေမယ့် အထက်ကပြောခဲ့သလို တော်လှန်ရေးပိုမိုမြန်ဆန်နိုင်ဖို့ စုစည်းမှုနဲ့ စည်းလုံးမှုတော့ အခုထက်ပိုလိုအပ်လာပါပြီ။ ဒါ့အပြင် အောင်မြင်မှုပန်းတိုင်အနားရောက်လေ ပိုပြီးသတိရှိဖို့ လိုအပ်ပါတယ်။ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေး တပ်တွေကို  NUG နဲ့ EAOs တွေက စနစ်တကျဖွဲ့စည်းထားပြီး၊လေ့ကျင့် သင်ကြားမှုတွေ၊ လက်နက်တပ်ဆင်မှုတွေလည်း ရထားကြတာဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တိုင်း ဟာ တပ်စိတ်၊ တပ်စု၊ တပ်ခွဲ၊ တပ်ရင်းအဆင့်ဆင့်နဲ့ ဖွဲ့စည်းထားပြီး၊ အဆုံးသတ်တိုက်ပွဲအတွက် အားလုံးဟာ အဆင်သင့်ဖြစ်နေကြပြီလို့ ဆိုရပါမယ်။ ။ 

By Editor