စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် စစ်ဘေးရှောင်ဇနီးမောင်နှံ သေဆုံးပြီး ၇ ဦးဒဏ်ရာရ

RNA_စက်တင်ဘာ(၁၇)၊၂၀၂၃ ခုနှစ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ စက်တင်ဘာလ ၁၆ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး မြင်သားရွာအတွင်း ကျရောက်ပေါက်ကွဲကာ စစ်ဘေးရှောင် ဇနီးမောင်နှံတို့ သေဆုံးခဲ့ရပြီး ဒေသခံ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြောက်ခင်ရန်းကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ၁၂၀ မမ လက်နက်ကြီးဖြင့် ၂ ကြိမ်ပစ်ခတ်ခဲ့ကြောင်း၊ သေဆုံးခဲ့သည့် ဇနီးမောင်နှံမှာ တောင်ခင်ရမ်းကျေးရွာမှ စစ်ဘေးရှောင်ရန် ရောက်ရှိနေသူများဖြစ်ကြောင်း ‌သိရသည်။

“၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်တာ၊ နှစ်ကြိမ်မှာ ပထမအကြိမ်က သာလင်းရွာဘက်ကို ကျတယ်။ ဒုတိယအကြိမ်က မြင်းသာရွာ ဒေါ်မြဝင်းနေအိမ်ကို ကျတယ်။ အဲဒီမှာပေါက်ကွဲ ပြီးတော့ ဘေးအိမ်တွေကိုပါထိမှန်တော့တာပဲ” လို့ ဒေသခံတစ်ဦး ပြောသည်။

စစ်ကောင်စီလက်အောက်ခံများ၏ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် သေဆုံးခဲ့ရသည့် ကိုစိုးလင်းအောင် (အသက် ၂၃) နှစ်)နှင့် မဝေဝေလွင် ( အသက် ၂၀ နှစ်) တို့ဖြစ်ကြောင်း၊ အသက်(၁၀)နှစ်အောက် ကလေးငယ် (၃)ဦး၊ အမျိုးသား(၂)ဦး၊ အမျိုးသမီး (၂) ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မြောက်ခင်ရန်းကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ဩဂုတ်လ (၁၂) ရက်နေ့ကလည်း ၁၂၀ မမလက်နက်ကြီးနှင့် ပစ်ခတ်သည့်အတွက် ပြည်သူ (၃) ဦးသေဆုံးခဲ့ကြောင်း၊ သင်တောကျေးရွာကို ခြေကုပ်ယူရန် ကြိုးစားနေသည့် မြောက်ခင်ရန်းနှင့် ဟံသာဝတီ ကျေးရွာက ပျူစောထီးအင်အား ၁၀၀ ကျော်ကို ဒေသခံ PDF ရဲဘော်များက စက်တင်ဘာလ ၁၅ ရက်က တိုက်ခိုက်ခဲ့သည့်အတွက် (၈) ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

#RedNewsAgency

By Editor