“မန္တလေးမြို့ကို ဦးတည်တဲ့ “ကနောင် စစ်ဆင်ရေး” ဟာ စစ်ကောင်စီကို အဓိက တုန်လှုပ်စေခဲ့ခြင်းဖြစ်တယ်။ ဘာ့ကြောင့်လဲဆိုတော့ မြန်မာပြည်အထက်ပိုင်းကနေ စစ်ကောင်စီအခြေစိုက်တဲ့ နေပြည်တော်ကို ဝင်ဖို့ဆိုရင်၊ မန္တလေးဟာ အဓိက ခံတပ်သဖွယ်ဖြစ်နေတာကြောင့်ပါ။ တောင်ပိုင်းမှုဆိုရင် KNU လက်အောက်ခံ တပ်တွေဟာ စစ်တောင်းမြစ်တဖက်ကမ်းကနေ စိမ့်ဝင်လာပြီး၊ ရေတာရှည်၊ ဆွာ၊ သာဂရ၊ မြို့လှ၊ ရေနီဘက်ကနေလည်း ဝင်မလာနိုင်အောင် စစ်တပ်အနေနဲ့ ဂိတ်စခန်းတွေအခိုင်အမာချပြီး ပိတ်ဆို့မှုတွေလုပ်ဆောင်နေတာပါ”
မောင်ဝိ
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့မှာ မန္တလေး PDF ရဲ့ တိုက်ပွဲသတင်းကို ဖတ်မိပြီး တကယ့်ကိုအားတက်သွားခဲ့တယ်။ အဲ့ဒါက စစ်ကောင်စီကို ၃ လတာတိုက်ခိုက်ခဲ့တဲ့ မန္တလေး PDF ရဲ့ “ကနောင် စစ်ဆင်ရေး” ပဲဖြစ်တယ်။ကနောင် စစ်ဆင်ရေးကို ဇူလိုင် ၁၅ ရက်ကနေ စက်တင်ဘာ ၁၀ ရက်အထိ မန္တလေးတိုင်း မတ္တရာ၊ မိုးကုတ်နဲ့ ရှမ်းမြောက် နောင်ချို၊ ကျောက်မဲမြို့နယ်တွေမှာ ဖော်ဆောင်ခဲ့တာဖြစ်တယ်။ တိုက်ပွဲအတွင်းမှာဆိုရင် စစ်တပ်ဘက်က ဗိုလ်ကြီး ၂ ဦး၊ စစ်ကြောင်းမှူးတစ်ဦး၊ ဒုစစ်ကြောင်းမှူးတစ်ဦးနဲ့ တပ်သား ၇၆ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါဟာ “ကနောင်စစ်ဆင်ရေး”ရဲ့ တစ်စိတ်တစ်ပိုင်းသာရှိသေးပြီး စစ်ဆင်ရေးဟာယခုထိမပြီးဆုံးသေးဘူးလို့လည်း မန္တလေး PDF ကကြေညာထားပါတယ်။ အခုလိုမျိုးပဲ မန္တလေး PDF ရဲ့ တိုက်ပွဲပုံဖော်မှု ကြီးကြီးမားမားနောက်တခုရှိပါသေးတယ်။ အဲ့ဒါကမန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်နဲ့ ရှမ်းပြည်နယ်၊ နောင်ချိုမြို့ နယ်တွေမှာ အာဏာ သိမ်းစစ်ကောင်စီတပ်နဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့ကစပြီး၊ ဩဂုတ်လ ၃၀ ရက်နေ့အထိ စစ်ကောင်စီကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲအတွင်း မန္တလေးPDFနဲ့မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က (၄၀) ဝန်းကျင်သေတယ်လို့ ခန့်မှန်းရပြီး၊ စစ်ကောင်စီက လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်ခဲ့ရတာပါ။
ဒီတိုက်ခိုက်မှုတွေကိုကြည့်ရမယ်ဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်တိုးတက်လာမှုကိုမြင်တွေ့နိုင်တယ်။ ဒီနေရာမှာ မန္တလေး PDF ရဲ့စတင်တိုက်ခိုက်တဲ့ အချိန်မှာ ထူးခြားချက်တခုတွေ့ရတယ်။ ဒါက စစ်တပ်ကိုစတိုက်ပြီဆိုရတည်းက ကတုတ်ကျင်းတွေ တူးပြီးတိုက်လာတာအပြင်၊ ပျောက်ကြားနဲ့ သမရိုးကျ တိုက်ပွဲကိုပေါင်းစပ်တိုက်ခိုက်လာနိုင်တာပါ။ ဒါ့အပြင် လူမှုကွန်ယက်တွေကပုံအရဆိုရင် မန္တလေး PDF ရဲ့ ပုံရိပ်တွေဟာ တကယ့်တပ်မတော် အသွင်မျိုးဖြစ်ပြီး၊ စွမ်းရည်ပြည့်ဝတဲ့ အသွင်သဏ္ဍာန်ဆောင်ပါတယ်။
