ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ဖဲအဖြစ် စစ်ခေါင်းဆောင်တွေ အသုံးချလာနိုင်သလား

” နိုင်ငံတကာဖိအားများ များပြားလာတဲ့အပြင် တပ်တွင်းအင်အားပြုန်းတီးမှု၊ အမိန့်မနာခံမှုတွေနဲ့ တပ်တွင်း ပုန်ကန်မှုတွေဆီ ဦးတည်လာပြီး အဖက်ဖက်ကချောင်ပိတ်လာတဲ့ စစ်ကောင်စီဟာ သူတို့ချောင်ထိုးဖို့ ကြိုးစားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချဖို့စတင်ကြိုးစားလာ” 

နောင်ရိုး

အခုလက်ရှိ နိုင်ငံရေးအကျပ်အတည်းနဲ့ ထွက်ပေါက်ပိတ်နေတဲ့ စစ်ခေါင်းဆောင်တွေဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချဖို့ ကြိုးပမ်းလာပါတာ တွေ့ရပါတယ်။ ဒါကြောင့်ပဲ နေပြည်တော်အကျဉ်းထောင်မှာရှိနေတဲ့ လူထုခေါင်းဆောင်ကို စစ်ကောင်စီလက်အောက်ခံတွေက အစိုးရအဆောက်အဦတစ်ခုဆီကို ပြောင်းရွှေ့ထားလိုက်တယ်လို့ နေပြည်တော်အချုပ်ထောင် သတင်းရင်းမြစ်တွေကပြောကြားထားကြပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁)ရက်နေ့မှာ အာဏာစသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ သူတို့အာဏာစသိမ်းစဉ်ထဲက ဖမ်းဆီးထားခဲ့တဲ့ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ရွေးကောက်ပွဲအနိုင်ရအမတ်တွေကို ဖမ်းဆီးခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရံတော်အဖွဲ့အပြင် ၊ ဒေါ်အောင်ဆန်းစုကြည်ဖွင့်လှစ်ထားတဲ့ ပရဟိတသင်တန်းကျောင်း တာဝန်ရှိသူတွေကိုပါ ဖမ်းဆီးသတ်ဖြတ်ပြီး ရန်ပုံငွေတွေကိုခိုးယူခဲ့ကြပါတယ်။

ထင်ရှားတဲ့သာဓကတွေအနေနဲ့ စုအသက် မွေးဝမ်းကျောင်းသိပ္ပံ (ရွှေပြည်သာမြို့နယ်) ရဲ့ ကျောင်းအုပ် ဦးဇော်သက်လင်းကို စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့က လာရောက်ဖမ်းဆီးခဲ့ပြီး မတ်လ ၉ ရက်နေ့မှာတော့ လူရုပ်တောင်မပေါ်တော့တဲ့အထိ နှိပ်စက်ထားတဲ့ ရုပ်အလောင်းကိုသာ မိသားစုတွေထံ ပြန်ပေးခဲ့ပါတယ်။အာဏာစသိမ်းစဉ်က လူထုသဘောဆန္ဒကို ပေါ့တန်တန်သဘောထားခဲ့တဲ့ မင်းအောင်လှိုင်တို့ စစ်အုပ်စုဟာ အာဏာသိမ်းပြီး နှစ်နှစ်ကျော်လာတဲ့အထိ နိုင်ငံတဝှမ်းကို သေချာမအုပ်ချုပ်နိုင်သေးပါ။

လက်ရှိ ကယားပြည်နယ်မှာ လွိုင်ကော်မြို့တခုသာ စိုးမိုးနိုင်သလို၊ ချင်းပြည်နယ်မှာလည်း ပြည်နယ်ရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကိုသာ စစ်ကောင်စီစိုးမိုးနိုင်ပါတော့တယ်။ ဒါ့အပြင် တနိုင်ငံလုံး စစ်မျက်နှာ ဖွင့်ထားရပြီး၊ မထိန်းနိုင်မသိမ်းနိုင် အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အရင်က စစ်တပ်ထဲဝင်ရောက်သူ များပြားတဲ့ စစ်ကိုင်း၊ မကွေးဒေသတွေပါ တော်လှန်ရေးအရှိန်အားကောင်းလာတဲ့အခါ စစ်ကောင်စီဟာ မာရှယ်လောတွေထုတ်ပြီး သူတို့နယ်မြေစိုးမိုးမှုအားနည်းလာတာကို ဝန်ခံလာရပါတော့တယ်။

ခုလို အင်အားပြုန်းတီးမှုများစွာနဲ့ ကြုံတွေ့လာရတဲ့ စစ်ကောင်စီဟာ သူတို့အလွန်တရာမုန်းတီးလှတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်အသုံးချဖို့ ကြိုးစားလာပါတော့တယ်။ အာဏာစသိမ်းစဉ်က လက်နက်အားကိုးနဲ့ ဖိနှိပ်နိုင်မယ်ထင်တဲ့ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန် ဥပဒေ၊ သဘာဝဘေးစီမံခန့်ခွဲရေး ဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးပုဒ်မ ၁၃၀ဃ၊ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ စတဲ့ပုဒ်မတွေ တသီတသန်းကြီးတပ် ပြစ်ဒဏ်တွေချပြီး ထောင်ထဲမှာ ရာသက်ပန်ပိတ်ထားဖို့ ကြံရွယ်ခဲ့ကြပါတယ်။ ဒါ့ကြောင့်ပဲ ကုလသမဂ္ဂရဲ့ မြန်မာ့အထူးကိုယ်စားလှယ် နိုလန်ဟေဇာအပါအဝင် နိုင်ငံတကာသံတမန်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဖို့တောင်းဆိုတာကိုတောင် ခွင့်မပြုခဲ့ပါဘူး။

အခုချိန်မှာတော့ နိုင်ငံတကာဖိအားများ များပြားလာတဲ့အပြင် တပ်တွင်းအင်အားပြုန်းတီးမှု၊ အမိန့်မနာခံမှုတွေနဲ့ တပ်တွင်း ပုန်ကန်မှုတွေဆီ ဦးတည်လာပြီး အဖက်ဖက်ကချောင်ပိတ်လာတဲ့ စစ်ကောင်စီဟာ သူတို့ချောင်ထိုးဖို့ ကြိုးစားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချဖို့စတင်ကြိုးစားလာ တာတွေ့ရပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ပြည်သူများအကြားနဲ့ နိုင်ငံတကာကြားအောင် သတင်းတွေကို မသိအသာ ထုတ်နေတာတွေရှိနေတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့က နေပြည်တော်ကို လာရောက်ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝိနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ပြုခဲ့ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီဘက်က အစပိုင်းမှာ နှုတ်ဆိတ်ခဲ့ပေမယ့် ဇူလိုင် ၁၂ ရက်နေ့ အာဆီယံအစည်းအဝေးမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုပြီးတဲ့နောက် ဇူလိုင် ၁၃ ရက်နေ့မှာတော့ စစ်ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တစ်နာရီခွဲကြာ တွေ့ဆုံခဲ့ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ နှစ်ဖက်လုံးကထုတ်ဖော်ပြောကြားခြင်းမပြုခဲ့ပေ။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံပေးပြီးတဲ့နောက်မှာတော့ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိလွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်တို့ကို ဒီရက်ပိုင်းထဲမှာပဲ ထပ်မံပေးတွေ့ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဒါ့အပြင် နေပြည်တော်မှာရောက်ရှိနေတဲ့ တရုတ်အစိုးရရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီးကျွင် နဲ့လည်းတွေ့ဆုံဖွယ်ရှိတယ်လို့ သတင်းတွေအရ သိရပါတယ်။ ဒါပေမဲ့ စစ်ကောင်စီကတော့ ငြင်းနေတဲ့အချက်တွေက ရှိနေတုန်းပါပဲ။ တွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ သတင်းတွေကိုတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ထုတ်လာတာတွေ့ရပါတယ်။

ပြည်သူ့တော်လှန်ရေးဟာ ခုခံတွန်းလှန်စစ်ကနေ တိုက်စစ်ကိုပြောင်းလဲလာတာနဲ့အမျှ စစ်ကောင်စီဟာ သူတို့အတွက်နောက်ဆုံး ဝှက်ဖဲလို့ မှတ်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချဖို့ကြိုးပမ်းလာပါတော့တယ်။ သို့ပေမယ့် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ဗိုလ်ချုပ်တွေ သတိချပ်ရမှာကတော့ သက်တမ်းအကြာရှည်ဆုံး စစ်အာဏာရှင်တစ်ဦးဖြစ်တဲ့ သန်းရွှေဟာ ၂၀၁၀ခုနှစ်မှာ သိန်းစိန်ကိုအာဏာလွှဲပြောင်းပေးပြီး အရပ်သားတပိုင်း စစ်သားတပိုင်းအစိုးရအဖြစ် ဖွဲ့စည်းပြီး နိုင်ငံတကာအသိုင်းအဝိုင်းက အညင်သာဆုံးအာဏာလွှဲပြောင်းခြင်းလို့တောင် သတ်မှတ်ခဲ့ကြပါတယ်။

သန်းရွှေ အာဏာလွှဲပြောင်းပေးခဲ့တာက ၂၀၁၀ ခုနှစ်မှာဖြစ်ပြီး သန်းရွှေအစိုးရခေတ်မှာဖြစ်ပွါးခဲ့တဲ့ဆန္ဒပြပွဲတွေထဲ အကျယ်ပြန့်ဆုံးဖြစ်ပွါးခဲ့တာဟာ ၂၀၀၇ ခုနှစ်မှာပဲဖြစ်ပါတယ်။ ထိုစဉ်က နည်းပညာနောက်ကျမှု၊ သတင်းအချက်အလက်စီးဆင်းတာနှေးကွေးမှုတို့ကြောင့် ပြည်သူတွေပါဝင်မှုအားနည်းခဲ့ပြီး ဆန္ဒပြပွဲတွေကို စစ်တပ်ကရက်စက်စွာနှိမ်နင်းနိုင်ခဲ့ပြီး ၂၀၁၀ မှာ အာဏာကိုအေးဆေးစွာ လက်လွှဲနိုင်ခဲ့ပါတယ်။

မင်းအောင်လှိုင်အာဏာသိမ်းစဉ်မှာတော့ အရာရာဟာနည်းပညာခေတ်ဖြစ်ခဲ့ပြီး နွေဦးတော်လှန်ရေး နှစ်နှစ်ကျော်ကာလမှာတင် စစ်ကောင်စီတပ်တွေဟာ ပြိုလဲမှုတွေ၊ ပြိုကွဲမှုတွေနဲ့စစ်ကောင်စီ ကျဆုံးခန်းဆီဦးတည်နေပါပြီ။ ဒီတော့ စစ်ကောင်စီအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ နောက်ဆုံးလက်နက်၊ နောက်ဆုံးထွက်ပေါက်အဖြစ်သဘောထားပြီး လုပ်ဆောင်မှာဖြစ်ပါတယ်။ အခုတေ့ာ ဒေါ်အောင်ဆန်းစုကြည်ကို ပွဲပြန်ထုတ်ဖို့ စစ်ကောင်စီကြံနေပြီလား မေးစရာဖြစ်နေပါပြီ။ ။

#RedNewsAgency

By Editor