KNLA နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၁၅) ဦးကျဆုံးပြီး (၃၆) ဦး ဒဏ်ရာရ 

RNA_ဇူလိုင်(၂၉)၊၂၀၂၃ ခုနှစ်။

ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ လယ်ဒိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် K.N.L.A တပ်ရင်း (၉) လက်အောက်ခံတပ်ဖွဲ့တို့ ၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၅) ဦးကျဆုံးပြီး (၃၆) ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU ခလယ်လွီထူခရိုင်−သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၅ ရက် ၂၆ ရက်နေ့တို့တွင် ရေတွင်းကုန်းကျေးရွာ သင်္ချိုင်းကုန်း၊ နံဇကျေးရွာ အနီးတဝိုက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ နယ်မြေရှင်းလင်းစဉ် G3-၁လက်၊ ကျည်ဆံ(၂၀၀)တောင့်၊ 60mm-၁လုံး၊ MA1-၁လက်၊ MA2-၂လက်၊ MA3-၂လက်၊ MA5-၁လက်၊ ကျည်ဘောက် (၁၃)ဘောက်၊ G4-၁လက်၊G4ကျည် -၅၀တောင့်၊ ကျည်အိမ် (၄) ဘောက်နှင့် ဦးထုပ် (၄)လုံး စသည့် လက်နက်ခဲယမ်းများ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က သိမ်းဆည်းရမိကြောင်း KNU က ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ပိန်းဇလုပ် အခြေစိုက် စစ်ကောင်စီတပ် ခလရ-၂၆၄ မှ အနီးအနားရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများကိုအလုံးရေ မရေမတွက်နိုင်အောင် ပစ်ခတ်နေကြောင်း၊ ရေတွင်းကုန်းရွာအတွင်းသို့ လက်နက်ကြီး (၈)လုံး ပစ်ခတ်ခဲ့ပြီး ရေတွင်းကုန်းရွာသား ဇော်ဝင်းနိုင် (၃၈) နှစ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဇူလိုင်လ (၁၉) ရက်နေ့က နံဇကျေးရွာအတွင်းသို့ စစ်ကောင်စီတပ် ဝင်ရောက်ပြီး တီးပီးလူး (၄၅) နှစ်အား မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကျောက်ကြီးမြို့နယ်အတွင်းမှ ကျေးရွာ (၄၁) ရွာမှ ဒေသခံပြည်သူများ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

#RedNewsAgency

By Editor