သာယာဝတီအကျဉ်းထောင်တွင် မဲကြီး (ခေါ်) ကိုပြည့်ဖြိုးဝင်း ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံရ

RNA_မေ(၂၉)၊၂၀၂၃ ခုနှစ်။
 
ရန်ကုန်မြို့ အင်းစိန်ထောင်မှ ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီ အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံလိုက်ရပြီးနောက် မဲကြီး (ခေါ်) ကိုပြည့်ဖြိုးဝင်းသည် သာယာဝတီထောင်အတွင်း ညှင်းပမ်းနှိပ်စက်ခံရသည့် ဒဏ်ရာများကြောင့် မေလ ၂၁ ရက်နေ့က ကျဆုံးသွားခဲ့ကြောင်း သိရသည်။
 
ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှ မဲကြီး(ခေါ်) ကိုပြည့်ဖြိုးဝင်းသည် ကျန်းမာရေးကောင်းမွန်နေသည့်ကြားမှ ယခုလိုသေဆုံးခဲ့ခြင်းကို သာယာဝတီထောင်အဏာပိုင်များက အဆုတ်ပိုးဝင်ပြီး သေဆုံးသည်ဟု မိသားစုကို ပြောကြားထားကြောင်း၊ မိသားစုသည် သာယာဝတီထောင်သို့ မေလ ၂၂ ရက်နေ့က လိုက်သွားခဲ့ရာ ကိုပြည့်ဖြိုးဝင်း၏ ရုပ်အလောင်း မျက်နှာအား မြင်တွေ့ခွင့်ရခဲ့ကြောင်း၊ ထောင်အာဏာပိုင်များက ဆေးရုံတင်ပြီး ၄ ရက်မြောက်မှ သေဆုံးခဲ့သည်ဟု မိသားစုကို အသိပေးခဲ့ကြောင်း ထောင်အာဏာပိုင်နှင့်နီးစပ်သော အသိုင်းအဝန်းမှ သိရသည်။
 
“ဒီညီလေးက ကျန်းမာရေးအရမ်းကောင်းတာဗျ ထောင်ထဲမှာ အားကစားလည်း လိုက်စားတယ်၊ ရောဂါကြောင့်သေတာမဟုတ်တာ သေချာတယ်၊ နောက်ပြီး ထောင်ဝန်ထမ်းအသိုင်းအဝန်းက ကြားရတာတော့ ဒဏ်ရာတွေနဲ့သေသွားတယ်လို့ ပြောတယ်။ ကျွန်တော်တို့က ထောင်ဝန်ထမ်းမိသားစုတွေနဲ့ ရင်းနှီးနေလို့ ပြန်ကြားရတာပါ၊ မဲကြီးနဲ့က အင်းစိန်မှာလည်း တစ်ခန်းတည်းနေခဲ့တာ သာယာဝတီပြောင်းတော့လည်း အတူတူဆိုတော့ကြားကြားချင်း အရုပ်ကြိုးပြတ်ပါပဲ” ဟု သာယာဝတီထောင်မှလွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတဦးက ပြောသည်။

မဲကြီး (ခေါ်) ကိုပြည့်ဖြိုးဝင်းသည် ၂၀၂၁ ခုနှစ်အတွင်း ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် စစ်ခုံရုံးမှ ပုဒ်မ ၅၀၅၊နှင့် ပုဒ်မ ၄၃၆တို့ဖြင့် တရားစွဲဆိုခံရပြီး ထောင်ဒဏ်(၇)နှစ်ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ သာယာဝတီထောင်သည် အခုအချိန်တွင် အဆိုးဆုံးထောင်ဖြစ်ပြီး ထောင်ပိုင်ကိုယ်တိုင်က ပြစ်ဒဏ်ထောင်ဟု ထောင်ပိုင်က ပြောကြားထားပြီး နိုင်ငံရေးအကျဉ်းသားများ သာယာဝတီထောင်ပြောင်းရပါက ထောင်ဗူးဝအဝင်တွင် ရိုက်နှက်မှုများကို စတင်ပြုလုပ်နေပြီး ထောင်ဝန်ထမ်း ကုလားစိုးမင်းသည် အဆိုးဆုံးဖြစ်ကြောင်း သာယာဝတီမှ ပြန်လွတ်လာသည့် နိုင်ကျဉ်းဟောင်းများက ပြောသည်။
 
“ ကျွန်တော်ပြောချင်တာက ထောင်ထဲမှာ အထူးသဖြင့်သာယာဝတီမှာ ထောင်တွင်းဖိနှိပ်မှု အရမ်းဆိုးဝါးနေတယ်၊ အထဲကလူတွေအနေနဲ့ ခြေမဲ့လက်မဲ့ စိတ်ဓါတ်တစ်ခုတည်းနဲ့ ကြံ့ကြံ့ခံရင်ဆိုင်နေရတယ်၊ မင်းတို့သေသွားလည်း စာရွက်တစ်ရွက်ပဲ ကုန်တယ်ဆိုတာ ထောင်ပိုင်က အမြဲတမ်းခြိမ်းခြောက်နေကြစကားပဲ၊ ဒါမျိုးတွေ ဆက်ဖြစ်နေအုံးမှာပဲ ICRC လိုအဖွဲ့တွေအနေနဲ့ သာယာဝတီကို ဝင်ကြည့်စေချင်ပါတယ် အကျဉ်းသားတစ်ဦးချင်းစီရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှု နှိပ်စက်ခံရမှုတွေကို စုံစမ်းစေချင်ပါတယ်။ ထောင်ထဲကလူတွေ မှာနေကြစကားရှိပါတယ် ဘယ်လောက်နေရပါစေ နေမယ် ထောင်တွင်းရဲဘော်တွေရဲ့ မျှော်လင့်ချက်က အပြင်က တော်လှန်ရေးအခြေအနေပါပဲဆိုတဲ့စကားက အထဲကလူတွေရဲ့ အမှာစကားပါ” သာယာဝတီအကျဉ်းထောင်မှ လွတ်လာသူတဦးက Red News Agency ကိုပြောသည်။
 
မင်းအောင်လှိုင်ဦးဆောင်သည့် အာဏာသိမ်းစစ်ကောင်စီသည် ပြည်သူများ၊ ကျောင်းသားနှင့် လယ်သမား အလုပ်သမားများကို အပြစ်မဲ့အပြစ်ရှာ မတရားဖမ်းဆီး အကျဉ်းထောင်များတွင် ချုပ်နှောင်ပြီး စစ်ကောင်စီတပ်နှင့် ထောင်ဝန်ထမ်းများပေါင်းပြီး အကြောင်းမဲ့ ခေါင်ထုတ်ရိုက်နှက်မှုများနှင့် သတ်ဖြတ်မှုတို့ကိုပါ ပြုလုပ်နေကြောင်း၊ အကျဉ်းထောင်ဝန်ထမ်းများနှင့် ထောင်တွင်းလူမိုက်များပူးပေါင်းကာ နိုင်ငံရေးအကျဉ်းသားများကို အမြဲလိုလို ရန်ရှာကာ ထောင်တွင်းဖိနှိပ်မှုများပြုလုပ်နေကြောင်း သိရသည်။
 
#RedNewsAgency
By Editor