စစ်ကိုင်းတိုင်းအနေဖြင့် ဖက်ဒရယ်ယူနစ်တခုအဖြစ်ပါဝင်နိုင်ရန် KNU မျှော်လင့် 

RNA_မေ(၃၀)၊၂၀၂၃ ခုနှစ်။

ယနေ့ အွန်လိုင်းမှတဆင့် ကျင်းပပြုလုပ်သည့် “စစ်ကိုင်းဖိုရမ်” သို့ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ်မှ ပေးပို့သည့်သဝဏ်လွှာတွင် ဖက်ဒရယ်ပြည်ထောင်စုသစ်တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် စစ်ကိုင်းတိုင်းအနေဖြင့် ဖက်ဒရယ်ယူနစ်တခုအဖြစ်ပါဝင်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားထားသည်။

“နွေဦးတော်လှန်ရေး၏ ပထမဆုံးသောလက်နက်ကိုင်တော်လှန်ရေးစတင်ရာဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကို ဦးဆောင်သောခေါင်းဆောင်များ၏ နိုင်ငံရေးရည်မှန်း ချက်ခိုင်မာမှု၊ အမျှော်အမြင် ရှိမှုနှင့်အတူ မိမိကြမ္မာ မိမိဖန်တည်းခွင့်ကို ကျင့်သုံးပြီး မတူကွဲပြားမှုများကို အင်အားအဖြစ်စုစည်းကာ ဤဖိုရမ်အပါအဝင် ညှိနှိုင်းဆွေးနွေးမှုအဆင့်ဆင့်ဖြင့် ဖက်ဒရယ်ယူနစ်တခုအဖြစ် ဖွဲ့စည်းနိုင်ရေးအတွက်ကိုလည်းတိုက်တွန်းပါကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုသစ်တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် စစ်ကိုင်းတိုင်းအနေဖြင့် ဖက်ဒရယ်ယူနစ်တခုအဖြစ်ပါဝင်နိုင်ရန်ကိုလည်း KNU က မျှော်လင့်ပါကြောင်း မိမိတို့၏သဘောထားကို ဖော်ပြအပ်ပါသည်” ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

“စစ်ကိုင်းဖိုရမ်” မှတဆင့် တော်လှန်ရေးခရီးတလျှောက်တွင် နိုင်ငံရေးအရ ပိုမို၍စုစည်းမှု၊ ကျစ်လစ်မှု၊ နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုများ အားကောင်း လာခြင်းနှင့်အတူ နာခံမှုရှိပြီး စစ်စည်းကမ်းလိုက်နာသော တိုက်ပွဲဝင်တော်လှန်ရေးသမားများကို လေ့ကျင့်မွေးထုတ်နိုင်ပြီး အာဏာရှင်ချုပ်ငြိမ်းရေး မှတဆင့်ခေတ်ပြောင်း၊ စနစ်ပြောင်းအတွက် ပြုလုပ်သည့် တော်လှန်ရေးကြီးတွင် အောင်ပွဲအလီလီရရှိနိုင်ပါကြောင်း KNU က ဆန္ဒပြုထားသည်။

#RedNewsAgency

 

By Editor