တပ်မမှူးအပြောင်းအလဲသတင်း ထွက်ပေါ်ပြီးနောက် ကျောက်တူးဖော်ရေးကုမ္ပဏီများနှင့် ဈေးနှုန်းအသစ်ညှိနှိုင်းနေ

RNA_ဖားကန့်၊ ဧပြီ (၆)၊၂၀၂၃ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်‌၌ ယခုရက်သတ္တပတ်အတွင်း ရှေ့တန်းတပ်မ (၃၃)၏ တပ်မမှူး အပြောင်းအလဲရှိသည်ဟု သတင်းထွက်လာပြီးနောက် ကျောက်တူးဖော်နေသည့် ကုမ္ပဏီလုပ်ငန်းအချို့ ရပ်နားထားသည်ကိုတွေ့ရသည်။

ဧပြီ (၃)ရက်နေ့က စစ်ကောင်စီ၏ တပ်သား (၅၀)ခန့်ပါဝင်သည့် စစ်ကြောင်းက ကုမ္ပဏီအချို့ကို ဝင်ရောက်စီးနင်းခဲ့ပြီး လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအပိုင်းရှိ ဒေသအခေါ် စိန်စိန်ကုမ္ပဏီလုပ်ကွက်အတွင်းမှ ဘက်ဟိုးနှင့် မြေသယ်ကား(၁၀)စီးနှင့် အထက် သိမ်းဆည်းသွားခဲ့ပြီး ပြန်ရွေးမည်ဆိုပါက တစ်စီးလျှင်ငွေကျပ် သိန်းတစ်ထောင့်နှစ်ရာနှင့် ပြန်ရွေးခိုင်းကြောင်း ကုမ္ပဏီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယခင်တပ်မမှူး ရောက်ခါစက ကုမ္ပဏီလုပ်ကွက်တစ်ခုလျှင် ကျပ်သိန်းကိုးထောင်တောင်းခဲ့ပြီး နောက်ပိုင်း မည်သည့်ဈေးနှုန်းဖြင့် အပေးအယူတည့်ခဲ့သည်ကို တိတိကျကျ မသိရသော်လည်း ယခုတပ်မမှူးအသစ်မှလည်း ဖားကန့်ဒေသရှိ ကျောက်တူးဖော်နေသည့် ကုမ္ပဏီလုပ်ကွက်များက ငွေကျပ်သိန်းပေါင်း တစ်သိန်းပေးရန်တောင်းဆိုကြောင်း သတင်းထွက်ပေါ်နေသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က တောင်းဆိုသည့်ငွေကြေးကို မပေးဆောင်နိုင်သည့် ကျောက်တူးဖော်သည့် လုပ်ကွက်များအတွင်း ဝင်ရောက်တပ်စွဲခြင်း၊ ဘက်ဟိုးနှင့်မြေသယ်ကား အချို့ကိုသိမ်းဆည်းခြင်း၊ မီးရှို့ဖျက်စီးခြင်း၊ ကုမ္ပဏီလုပ်ငန်းရှင်ကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးခြင်းများ လူသိထင်ရှား ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေသည်ကို တွေ့ရသည်။

#RedNewsAgency

By Editor