ပုလဲမြို့နယ်မှ M7 PDF စခန်း စီးနင်းခံရပြီး ရဲဘော် (၇) ဦးပျောက်ဆုံးနေ

RNA_ဧပြီ(၆)၊၂၀၂၃ ခုနှစ်။
 
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ M7 People’s Defense Force – M7 PDF တပ်ဖွဲ့စခန်းတခုကို ယမန်နေ့ နံနက် ၁၀ နာရီအကျော်က စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုပစ်ခတ် စီးနင်းခဲ့သည့်အတွက် စခန်းရှိရဲဘော် (၇) ဦးကျပျောက်ဆုံးနေပြီး (၄) ဦးကျဆုံးထားကြောင်း သိရသည်။
ဓာတ်ပုံ – M7 PDF ရဲဘော်များနှင့်မဟာမိတ်များ စစ်ရေးလှုပ်ရှားမှုမြင်ကွင်း။
 
“၁၀ နာရီဝန်းကျင်လောက်မှာ Mi 35 တစ်စီး အရင်တက်လာပြီး​တော့ စခန်းကိုပစ်တယ်၊ ဗိုက်ပူ (Mi 17) နှစ်စီးက လူချတယ် နောက်တခါထပ်သွားသယ်ပြီးတော့ လူထပ်ချတယ် နှစ်စီး နှစ်ခေါက်ဆိုတော့ လေးစီးစာဖြစ်တာပေါ့။ စခန်းမှာလည်း ခွဲတစ်က လူအင်အား ၇၀ ခန့်နဲ့ ခွဲနှစ်မှာလည်း ၇၀ လောက်ရှိတယ်၊ ခွဲ ၂ ကိုလည်း ဗိုက်ပူတွေက စက်သေနတ်နဲ့ ရမ်းသွားသေးတယ်၊ ခွဲ ၂ ကတော့ သိပ်ပြီးအထိအခိုက်မရှိဘူး၊ ခွဲ ၁ မှာကတော့ Mi 35 ကလည်း ဆက်တိုက် ၄၅ မိနစ် ၁ နာရီခန့် လောက်ပစ်ပြီးတော့ လူချတာ ညာဘက်ထောင့်ကနေ တက်လာတော့ ကြားထဲမှာ ဒဏ်ရာရ ၄ ယောက်နဲ့ အစောင့်အရှောက် ၂ ယောက်က ပိတ်မိသွားတယ်။ ၁ ယောက်ကတော့ စခန်းရဲ့ အနောက်တောင်ကိုပြေးတယ် အခုချိန်ထိ အဲကလေးကတော့ ဆက်သွယ်လို့ မရသေးဘူး။ ၇ ယောက်ပျောက်နေတယ်ပေါ့ဗျာ” ဟု M7 PDF တာဝန်ရှိသူက ပြောကြားထားသည်။
ဓာတ်ပုံ – M7 PDF ရဲဘော်များနှင့်မဟာမိတ်များ စစ်ရေးလှုပ်ရှားမှုမြင်ကွင်း။

 
ယနေ့ အထိ စခန်းစီးနင်းခံရပြီးစစ်ကောင်စီတပ်သားများသည်လည်း စခန်းတွင်ရှိနေသေးကြောင်း ပျောက်ဆုံးဖမ်ဆီးခံရသည့် ရဲဘော် (၇) ဦးတွင် (၄) ဦးကျဆုံးသွားသည်မှာ တိတိကျကျသိထားရပြီး အခြားရဲဘော်များအခြေအနေကို အတိအကျမသိရသေးကြောင်း၊ M7 PDF စခန်း စီးနင်းခံရချိန်တွင် တိုက်ပွဲဝင် ရဲဘော် (၂၀) လောက်မှာ တိုက်ပွဲသွားနေပြီး စခန်းတွင် (၅၀) ဝန်းကျင်ကျန်ရှိခဲ့ကြောင်း၊ ပျောက်ဆုံးနေသည့် (၇) ယောက်မှလွဲ၍ လေကြောင်းနှင့် မြေပြင် ဝိုင်းဝန်းပစ်ခတ်သည့်အတွက် ထွက်ပြေးကြရပြီး၊ M4 ၁ လက်၊ AK ၁ လက်၊ လက်လုပ်သေနတ်များ၊ လက်နက်ကြီးများနှင့် စခန်းကို ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ဓာတ်ပုံ – M7 PDF ရဲဘော်များနှင့်မဟာမိတ်များ စစ်ရေးလှုပ်ရှားမှုမြင်ကွင်း။
 
#RedNewsAgency
By Editor