ဖားကန့်မှ စစ်ဘေးရှောင်ရွှေ့ပြောင်းနေထိုင်သူများ ဖယ်ရှားရန် ဖိအားပေးခံနေသည့်အတွက် အခက်အခဲဖြစ်နေ

RNA_ဖားကန့် ၊ ဧပြီ (၅)၊ ၂၀၂၃ ခုနှစ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာရှိ မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်ဘေးရှောင်လာသော ပြည်သူများစုဖွဲ့နေထိုင်နေသည့် ရွှေ့ပြောင်းနေအိမ်များကို ရပ်မိ/ရပ်ဖ ဆိုသူများက ကျောက်တူးဖော်ရေးကုမ္ပဏီလုပ်ငန်းများဆောင်ရွက်နိုင်ရန် အကြိမ်ကြိမ် ဖယ်ရှားပေးရန် ဖိအားပေးခံနေရသည့်အတွက် ရွှေ့ပြောင်းနေထိုင်သည့်ပြည်သူများ နေစရာအခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။
 
“ကျွန်တော်တို့က မြေနေရာလေးတစ်ခုရဖို့ပါပဲ၊ အဓိက နေစရာရဖို့ပါပဲ၊ ဒီနေရာကရွှေ့ရရင် ဘယ်မှာနေရမလဲမသိဘူး၊ အတင်းရွှေ့ခိုင်းတဲ့နေရာက မိုးရွာတာနဲ့ပါမှာ၊ မျောချောင်းဘေးမှာ၊ ကျနော်တို့မြေနေရာရချင်တယ်လို့ ပထမတောင်းဆိုလို့ပေးတဲ့နေရာက ကချင်ရိုးရာက ပိုင်တာလို့ကြားရတယ်၊ ပြန်ရွှေ့ဆိုရင် ရွှေ့ရမှာ၊ သတ်သတ်မှတ်မှတ်မရှိဘူး”ဟု စစ်ဘေးရှောင် ရွှေ့ပြောင်းပြည်သူတစ်ဦးက ပြောသည်။

ယခင် NLD လက်ထက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ (ယခု ရပ်မိ/ရပ်ဖ)မှ ကြားခံစေ့စပ်ညှိနှိုင်းသူများအဖြစ် ဆောင်ရွက်ကာ နေအိမ်တစ်အိမ်လျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် မျောချောင်းဘေးနေရာအား ယခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ‌နောက်ဆုံးထား ရွှေ့ပြောင်းရန် ဖိအားပေးခဲ့သေးကြောင်း သိရသည်။
 
“အခုတစ်ခါကျတော့ ခြံလာခတ်တာ၊ ကျေးရွာပိုင်မြေလို့ ဆိုင်းဘုတ်ကပ်ပြီးတော့၊ ရပ်မိ/ရပ်ဖ တွေပြောတာက ကျနော်တို့နဲ့မဆိုင်ဘူး၊ အဲ့တာ KIA တပ်မဟာ (၉)က ပိုင်တာလို့ ပြောတယ်၊ ခြံလာခတ်တဲ့သူတွေကတော့ ကျနော်တို့က အလုပ်သမားတွေပါ၊ ဒီမှာခြံခတ်ဆိုလို့လာခတ်တာလို့ပဲဖြေတယ်”ဟု ‌အခက်အခဲကြုံတွေ့နေရသည့် ရွှေ့ပြောင်းပြည်သူကဆိုသည်။
 
ရှရော်ခကျေးရွာမှ ရပ်မ/ရပ်ဖ ဦးလဆိုင်းဆိုသူအား ဖုန်းဆက်မေးမြန်းရာတွင် “အစကတည်းက သူတို့လာနေတော့ အတည်တော့မဟုတ်ဘူး နေကြဆိုပြီး ပေးနေတာဟုတ်တယ်၊ အခု ရွှေ့ဆိုတော့ ရွှေ့မယ်ဆိုပြီး လက်မှတ်ထိုးထားကြတာရှိတယ်၊ ခြိမ်းခြောက်တာတွေမလုပ်ပါဘူး၊ သူတို့နဲ့ပါတ်သက်ပြီး တာဝန်ယူဆောင်ရွက်ပေးတာလည်း မရှိပါဘူး”ဟု ဖြေကြားသည်။
 
လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလမှ အဆိုပါ နေရာ၌ နေထိုင်လာခဲ့သည့် မိုးကာတဲအိမ်ခြေ (၁၅၀)ခန့်ရှိခဲ့ရာမှ ရပ်မိ/ရပ်ဖ များ၏ လက်နက်ကိုင်အဖွဲ့အစည်းများက ရွှေ့ပြောင်းခိုင်းကြောင်း၊ ခြိမ်း‌ခြောက်အတင်းရွှေ့ပြောင်းခိုင်းမှုကြောင့် ကြောက်ရွှံပြီး ရွှေ့ပြောင်းသွားသည့် အိမ်ခြေ (၇၀)ခန့်ရှိပြီး လက်ရှိ အိမ်ခြေ(၈၀)ကျော်သည် မှီခိုအားထားစရာမရှိပဲ မည်သည့်နေရာရွှေ့နေရမှန်းမသိတော့သည့် အခြေအနေကိုရောက်နေကြောင်း သိရသည်။
 
ဖားကန့်၌ နွေဦးတော်လှန်ရေး‌နောက်ပိုင်း ကျောက်မိုင်းတွင်းတူးဖော်ကြသူများက ကုမ္ပဏီနာမည်မရှိ ပိုင်ရှင်အမည်လျှို့ဝှက်ကာ စစ်ကောင်စီနှင့် KIA ကို အခွန်ပေးကာ စိတ်ကြိုက်မြေလှန်တူးဖော်နေကြကြောင်း၊ ဒေသခံ ရေမဆေးကျောက်ရှာဖွေသူများ၊ မြန်မာပြန်အလယ်ပိုင်းမှ လာရောက်လုပ်ကိုင်သည့် အလုပ်သမား စစ်ဘေးရှောင်များအနေဖြင့် နေစရာအခက်ခဲတွေ့နေကြရကြောင်း၊ စစ်ကောင်စီတပ်သားများမှလည်း အလုပ်သမားများ အသွားအပြန်ပြုလုပ်မှုကို တားဆီးစစ်ဆေးမှုနှင့် အဓမ္မငွေတောင်းခံမှုများရှိကြောင်း သိရသည်။
#RedNewsAgency
By Editor