”လူမျိုးရေးပဋိပက္ခနှင့် ဘာသာရေးပဋိပက္ခများ” ဖြစ်ပွား စေရန် စစ်ကောင်စီဖန်တီးနေ

RNA_မတ်(၁၅)၊၂၀၂၃ ခုနှစ်။

ပအိုဝ်းပြည်သူများနှင့် ကရင်နီပြည်သူများအကြား အမုန်းတရားကြီးထွားလာစေရန် လုပ်ကြံဖန်တီးပြီး ”လူမျိုးရေးပဋိပက္ခနှင့် ဘာသာရေးပဋိပက္ခများ” ရည်ရွယ်ချက်ရှိရှိဖြင့် သွေးထိုးလှုံ့ဆော်နေသော အကြမ်း ဖက်စစ်ကောင် စီ၏လုပ်ရပ်များအား ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC က ပြင်းပြင်း ထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသ၊ နမ်းနိန်းရွာဘုန်းကြီးကျောင်းအတွင်းတွင် ကျောင်းထိုင် ဆရာတော်အပါအဝင် သံဃာတော်(၃)ပါး၊ အမျိုးသမီး (၁)ဦးနှင့်အမျိုးသား(၁၈)ဦးတို့ကိုစစ်ကောင်စီတပ်က ရက်စက်ကြမ်းကြုတ်စွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ခြင်းသည် “လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှု” နှင့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုကြောင့် “စစ်ရာဇဝတ်မှု” မြောက်ကြောင်း သိရသည်။

“ပအိုဝ်းပြည်သူများနှင့်ကရင်နီပြည်သူများထံသို့ အထူးအလေးနက်ထား၍တင်ပြလိုသည်မှာ ယခုဖြစ်ပွားနေသော တိုက်ပွဲများသည် လူမျိုးရေး၊ ဘာသာရေးများနှင့်လုံးဝသက်ဆိုင်ခြင်းမရှိပါ။ နယ်မြေဒေသဆိုင်ရာကိစ္စရပ်များလည်း မဟုတ်ပါ။ ပြည်သူကိုရန်သူသတ်မှတ်၍စစ်အာဏာရှင်စနစ်ကို ပြင်းပြင်းထန်ထန်ကျင့်သုံးသတ်ဖြတ်နေသည့် စစ်အာဏာရှင်များနှင့်စစ် အာဏာရှင်စနစ်ဆိုးကို လုံးဝလက်မခံနိုင်ကြတော့သည့် တောင်ပေါ်မြေပြန့်ဒေသအသီးသီးမှ ဗမာအပါအဝင်တိုင်းရင်းသားလူမျိုးပေါင်းစုံပြည်သူများအကြား တော်လှန်တိုက်ပွဲဖြစ်ပါသည်။ စစ်ကောင်စီနှင့်အပေါင်းအပါများ၏ သွေးထိုးလှုံ့ဆော်လိမ်ညာဝါဒဖြန့်မှုများကို အထူးသတိထားရှောင်ရှားကြပါရန် တိုက်တွန်းပန်ကြားအပ်ပါသည်” ဟု PNFC၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီနှင့် ထောက်ခံသူများသည် နမ်းနိန်းရွာဘုန်းကြီးကျောင်းအတွင်း စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကို KNDF နှင့်တော်လှန်ရေးတပ်ဖွဲ့များအပေါ် စွပ်စွဲ‌ပြီး ပအိုဝ်းတိုင်းရင်းသားများအကြား လူမျိုးရေးနှင့်ဘာသာရေး ပဋိပက္ခဖြစ်ပွားအောင် လှုံ့ဆော်ခြင်း၊ လူမှုကွန်ယက်တွင် ဝါဒဖြန့်ချိခြင်း၊ ယနေ့ တောင်ကြီးမြို့တွင် စစ်ကောင်စီ‌ထောက်ခံသည့်ဘာသာရေး အစွန်းရောက်များနှင့် ပအိုဝ်းပြည်သူ့စစ်များဦးဆောင်ကာ ဆန္ဒပြခဲ့ကြသည်။

PNLO/PNLAမှ တပ်ဖွဲ့ဝင်(၅)ဦးနှင့်ရွာသား(၁)ဦး အပါအဝင် ပအိုဝ်းအမျိုးသား(၆)ဦးအား စစ်ကောင်စီလက်အောက်ခံ အသွင်ပြောင်းဌာနေပြည်သူ့စစ် PNO/PNA က “ပအိုဝ်းဒေသကာကွယ်ရေး၊ ပအိုဝ်းအမျိုးသားကာကွယ်ရေး အကြောင်းပြချက်” ဖြင့်ပအိုဝ်းအချင်းချင်းအား ဥပဒေမဲ့ကျူးလွန်သတ်ဖြတ်၍ အလောင်းဖျောက်ပြီးစစ်ရာဇဝတ်မှုကျူးလွန်ခဲ့သည်မှာ ၂၀၂၃ ခုနှစ် မတ်လ (၁၄) ရက်နေ့တွင် (၆)လပြည့်ပြီဖြစ်ကြောင်း သိရသည်။

#RedNewsAgency

 

By Editor