ဖက်ဒရယ်နှင့်တအာင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ တတိယမူကြမ်းဆွေးနွေးပွဲအောင်မြင်

RNA_မတ်(၁၅)၊၂၀၂၃ ခုနှစ်။
 
တအာင်းပြည်နယ်၊ တပ်မဟာ (၂)စစ်ဒေသ၊ နမ့်ဆန်မြို့နယ်ရှိ လွတ်မြောက်နယ်မြေတစ်နေရာတွင် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ -TPCC မှ ဦးဆောင်ကျင်းပသော တအာင်းပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတတိယမူကြမ်း ဆွေးနွေးပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
 
ထိုအစည်းအဝေး ဆွေးနွေးပွဲကို မတ်လ ၁၁ရက်နှင့်၁၂ ရက်နေ့က PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များနှင့် ဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ စစ်ဘက်ဆိုင်ရာ အရာရှိအရာခံများ၊ တအာင်းနိုင်ငံရေးခေါင်းဆောင်များ၊ တအာင်းအရပ်ဖက်အဖွဲ့အစည်းများ၊ မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များ အပါအဝင် (၁၅၀)ကျော်တက်ရောက်ခဲ့ကြောင်း၊ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်ဟု PSLF/TNLA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
တအာင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခန်း ၁၂ ခန်းပါဝင်ပြီး ပြည်နယ်သားများ၏ အခွင့်အရေးနှင့် တာဝန်များ၊ တအာင်းပြည်နယ် စုဖွဲ့ပုံ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ အရေးပေါ်အခြအနေ၊ အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ တအာင်းပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်းနှင့် အထွေထွေပြဋ္ဌာန်းချက်များ ပါဝင်သည်။

 
တအာင်းပြည်နယ်ဖွဲ့စည်းပုံအခြခံဥပဒေကို ၂၀၀၆-၂၀၀၇ ခုနှစ်က ထိုင်းနယ်စပ်တော်လှန်ရေးနယ်မြေတွင် FCDCC ရေးဆွဲစဥ်ကတည်းက တအာင်းပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံမူကြမ်းကို PSLF ၏ ၂၀၁၅ ဗဟိုကော်မတီ (၆) လပတ်အစည်းအဝေးတွင် ပထမမူကြမ်းအဖြစ်အတည်ပြုခဲ့ကြောင်း၊ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလတွင် TPCC အနေဖြင့် ဆွေးနွေးပြင်ဆင်ကာဒုတိယမူကြမ်းကို ပြင်ဆင်အတည်ပြုခဲ့ပြီး ၂၀၂၂ ခုနှစ် ဇွန်လတွင် TPCC မှဦးဆောင်ပြီး နိုင်ငံရေးတော်လှန်ရေးနှင့် အရပ်ဖက်စုဖွဲ့မှုများ အားလုံးပါဝင်သည့် ခေါင်းဆောင်များ ညှိနှိုင်းဆွေးနွေးကာ တတိယမူကြမ်းကို အတည်ပြုနိုင်ခဲ့ကြသည်။
 
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း TPCC မှ ဦးဆောင်ကာ ထိုတအာင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုနိုင်ရေးနှင့် လိုအပ်သည်များကိုဖြည့်စွက်ပြင်ဆင်နိုင်ရန် တအာင်းပြည်နယ်အတွင်းရှိ မြို့နယ်အလိုက် ဒေသခံပြည်သူလူထုများထံ ကွင်းဆင်းကာ ချပြတိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း၊ အတည်ပြုခဲ့ပြီဖြစ်သည့်တအာင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ တတိယမူကြမ်းအား ဥပဒေပညာရှင်များထံပေးပို့ကာ လိုအပ်သည်များကို ပြင်ဆင်ဖြည်စွက်နိုင်ရန်နှင့် ထိုဖွဲ့စည်းပုံအတိုင်း တအာင်းပြည်နယ်အား အုပ်ချုပ်နိုင်ရန် အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
#RedNewsAgency
By RNA Editor