ပြည်သူအပေါ် အနိုင်ကျင့်ဗိုလ်ကျခြင်းများ မပြုလုပ်ရန် ရဲဘော်များကို KIA သတိပေး

RNA_နိုဝင်ဘာ(၁၂)၊၂၀၂၆ခုနှစ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့အသီးသီးမှ ရဲဘော်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (KPDF) မှ ရဲဘော်များအနေဖြင့် ပြည်သူများအပေါ် အနိုင်ကျင့်ဗိုလ်ကျခြင်းနှင့် အဓမ္မခိုင်းစေခြင်းများ မပြုလုပ်ရန် KIA တပ်မဟာ (၉) က ထုတ်ပြန်ထားသည်။

မိုးညှင်းအခြေစိုက် KIA တပ်မဟာ (၉) မှ နိုဝင်ဘာ (၁၀) ရက်နေ့ ရက်စွဲပါ သတိပေးချက်ထုတ်ပြန်မှု၌ ပြည်သူလူထုနှင့် ပေါင်းသင်းဆက်ဆံရာ၌ မလိုလားအပ်သော ပဋိပက္ခများ မဖြစ်ပေါ်စေရေး၊ ပြည်သူလူထု ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် ကာကွယ်စောင့်ရှောက်ရန်နှင့် စည်းကမ်းဖောက်ဖျက် ကျူးလွန်မှုများ မရှိစေရန် သတိပေးတားမြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ပြည်သူအပေါ် အနိုင်ကျင့်ဗိုလ်ကျခြင်း၊ အတင်းအဓမ္မစေခိုင်းခြင်း၊ အကြပ်ကိုင်ခြင်းများ မပြုလုပ်ရန်နှင့် KIA အဖွဲ့မှ အဆင့်ဆင့်ချမှတ်ထားသော မူဝါဒ၊ လမ်းစဉ်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ရန် အထူးသတိပေးကြောင်းလည်း ဖော်ပြထားသည်။

KIA လက်အောက်ခံ ရဲဘော်များနှင့် KPDF များအနေဖြင့် မြို့ရွာများတွင် သွားလာရာ၌ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများအပါအဝင် ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ သမိုင်းဝင် အဆောက်အအုံများနေရာ၌ လက်နက်ကိုင်ဆောင် ဖြတ်သန်းသွားလာခြင်း၊ ဝင်ရောက်ခြင်းများ မပြုလုပ်ရန်လည်း တားမြစ်ထားသည်။

ယခုလ နိုဝင်ဘာ (၆) ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်နိမ်းကျေးရွာ၌ ဒေသခံပြည်သူတစ်ဦးကို KIA တပ်သားတစ်ဦးနှင့် ကိုးကန့်တပ်မတော် (MNDAA) တပ်သားတစ်ဦးတို့က ရိုက်နှက်ခဲ့မှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ရက်ပိုင်းအကြာ ရဲဘော်များအနေဖြင့် ပြည်သူလူထုနှင့် ဆက်ဆံရာ၌ လိုက်နာရမည့် မူဝါဒကျင့်ဝတ်များကို ထုတ်ပြန်လာခြင်း ဖြစ်သည်။

#RedNewsAgency #RedNews #RNA

By Editor