RNA_အောက်တိုဘာ(၈)၊၂၀၂၆ခုနှစ်။
စစ်ကိုင်းတိုင်း ဒီပဲယင်းနှင့် ချောင်းဦးမြို့နယ်တို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် မိသားစုဝင် (၄) ဦး သေဆုံးကာ သံဃာ (၂) ပါးအပါအဝင် (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မုံရွာမြို့အခြေစိုက် စစ်အုပ်စု အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ပါရာမော်တာ (၁) စီးသည် နေ့လည် (၁) နာရီဝန်းကျင်က ဒီပဲယင်းအရှေ့ခြမ်း မူးကမ်းကြီးရွာရှိ အရပ်သားပြည်သူများရှိနေရာကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မူးကမ်းကြီးဘက်မှာ နမခက တက်လာတဲ့ ပါရာမော်တာနဲ့ ဗုံးကြဲသွားတာ။ (၈) ဦးမှာ (၄) ဦးက နေရာမှာတင် သေဆုံးသွားတယ်၊ ကျန် (၄) ဦးက ထိခိုက်ဒဏ်ရာရတယ်။ အနီးနားဝန်းကျင်မှာ တိုက်ပွဲမရှိဘဲ ဗုံးကြဲသွားတာ။ အခုတင် သူတို့ကို ကူညီကယ်ဆယ်ရေးလုပ်ပြီး ကျွန်တော်တို့ ပြန်လာတာ” ဟု ဒီပဲယင်းဒေသခံက Red News Agency ကို ပြောသည်။

မူးကမ်းကြီးရွာသည် မူးမြစ်အနီး မုံရွာ-ရွှေဘိုကားလမ်းမဘေး၌ရှိနေသည့် ကျေးရွာကြီးတစ်ခုဖြစ်ပြီး အရာတော်၊ ဝက်လက်နှင့် ရွှေဘိုမြို့နယ်အစပ်ရှိခြင်းကြောင့် ဒေသတွင်း ကုန်သွယ်ရေးအတွက် အရေးပါသည့် ကျေးရွာတစ်ခုဖြစ်ကာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
မူးကမ်းကြီးရွာ ဗုံးကြဲတိုက်ခိုက်ခံရသည့် တစ်ချိန်တည်း၌ မြောင်မြို့နယ်နှင့် ချောင်းဦးမြိုန့ယ်အစပ်ရှိ ပန်းလှကျေးရွာအုပ်စုအတွင်းရှိ ပန်းလှဘုန်းကြီးကျောင်းကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် သံဃာတော် (၂) ပါး ထိခိုက်ဒဏ်ရာရကာ ဘုန်းကြီးကျောင်းအဆောက်အအုံလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း မြောင်မြို့နယ် Local PDF T.G.R အဖွဲ့က ထုတ်ပြန်ထားသည်။