🔴 [UPDATE] မင်းအောင်လှိုင်နှင့် ဆက်ဆံနေတိုင်း ထောက်ခံနေခြင်းမဟုတ် 

မင်္ဂလာ မနက်ခင်းပါရှင်။ Red News Agency သတင်းဌာနကနေ ထူးခြားသတင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို တင်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။

📌 တင်ဆက်ပေးမဲ့သတင်းတွေကတော့ ဒီပဲယင်းနှင့် ချောင်းဦးကို တစ်ဖက်အဖွဲ့အစည်းမှ ဝေဟင်မှအင်အားသုံးခဲ့တဲ့အတွက် မိသားစုဝင် (၄) ဦး အသက်ဆုံးရှုံးပြီး သံဃာအပါအဝင် (၆) ဦး ထိခိုက်ခဲ့ရတဲ့သတင်း၊ မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံနေပေမဲ့ အသိအမှတ်ပြုထောက်ခံခြင်းမဟုတ်ဘူးလို့ မလေးရှားအစိုးရ ပြောကြားလိုက်တဲ့သတင်း၊ ပြည်ပရောက် မြန်မာ မီဒီယာ (၅) ခုကို ဖမ်းဆီးရန် အင်တာပိုလ်နှင့် ချိတ်ဆက်ဆောင်ရွက်နေတယ်ဆိုတဲ့သတင်း အပါအဝင် စိတ်ဝင်စားစရာ ပြည်တွင်း ပြည်ပ သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

🔴 ယနေ့သတင်းများ အနှစ်ချုပ် –

📌 စစ်ကိုင်းတိုင်း ဒီပဲယင်းအရှေ့ခြမ်း မူးကမ်းကြီးရွာနှင့် မြောင်-ချောင်းဦးအစပ်ရှိ ပန်လှကျေးရွာအုပ်စုတို့ကို နမခ မှတက်လာသည့် ပါရာမော်တာဖြင့် လေကြောင်းမှ အင်အားသုံးတိုက်ခိုက်ခဲ့ရာ အရပ်သားမိသားစုဝင် (၄) ဦး နေရာ၌ပင် အသက်ဆုံးရှုံးခဲ့ပြီး သံဃာ (၂) ပါး အပါအဝင် (၆) ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

📌 မြန်မာစစ်အုပ်စုခေါင်းဆောင်အား မလေးရှားသို့ ဖိတ်ခေါ်တွေ့ဆုံခြင်းသည် ပြဿနာများကို ဖြေရှင်းရန် သံတမန်ရေးအရ ထိတွေ့ဆက်ဆံခြင်းသာဖြစ်ပြီး ၎င်း၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံ အသိအမှတ်ပြုခြင်း လုံးဝမဟုတ်ကြောင်း မလေးရှား ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံရေးအတွင်းရေးမှူးက တုံ့ပြန်ရှင်းလင်းခဲ့သည်။

📌 နိုင်ငံတော်၏ ဂုဏ်သိက္ခာကျဆင်းစေရန် ရေးသားသည်ဟု စွပ်စွဲကာ မြန်မာနောင်း၊ ခေတ်သစ်၊ မဇ္ဈိမ၊ ဒီဗွီဘီနှင့် ဧရာဝတီ သတင်းဌာန (၅) ခုကို ပုဒ်မပေါင်းများစွာဖြင့် အမှုဖွင့်ထားပြီး အင်တာပိုလ် (INTERPOL) Red Notice ထုတ်ပြန်ကာ ဖမ်းဆီးရမိရေး ချိတ်ဆက်ဆောင်ရွက်နေကြောင်း စစ်အုပ်စု ပြည်ထဲရေးဒုဝန်ကြီးက ပြည်သူ့လွှတ်တော်တွင် ပြောကြားခဲ့သည်။

📌 ကချင်ပြည်နယ် ဖားကန့်မြို့နယ် စုပေါင်းရုံး၌ အစည်းအဝေးလုပ်နေစဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူတစ်ဦးအား ညှင်းပန်းနှိပ်စက်မှုတွင် ပါဝင်ခဲ့သည့် KNDPC ကုမ္ပဏီတာဝန်ခံ ဦးဇော်အောင် သေဆုံးပြီး (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

📌 ရွှေဘိုမြို့နယ် ပေါက်ချိုင်ကျေးရွာသို့ လက်နက်ဖိုး အကြွေးသွားတောင်းပြီး ငွေကျပ်သိန်း ၂၀၀ ကျော်နှင့်အတူ ပြန်လာသည့် ဘုတလင် ပကဖ ရဲဘော် (၂) ဦးသည် အရာတော်မြို့နယ် အုတ်ရှစ်ကြီးရွာအနီးတွင် ပစ်ခတ်ခံရပြီး အသက်ဆုံးရှုံးခဲ့သည်။ ကျူးလွန်သူဟု စွပ်စွဲခံရသူ (၃) ဦးကို မုံရွာခရိုင် ပကဖထံ လွှဲပြောင်းထားသည်။

📌 မလေးရှားဝန်ကြီးချုပ်ရုံး ကျောထောက်နောက်ခံပြု FJ Global အပါအဝင် မလေးရှားကုမ္ပဏီ (၃) ခုသည် မြန်မာစစ်အုပ်စု၏ တိုက်ခိုက်ရေးလေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် ဒရုန်းများအတွက် အပိုပစ္စည်းများနှင့် ပြုပြင်ထိန်းသိမ်းရေးများကို လက်နက်ပွဲစားများမှတစ်ဆင့် ပူးပေါင်းလုပ်ဆောင်ပေးနေကြောင်း JFM ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

📌 မြန်မာနိုင်ငံကို ခွဲခြားဆက်ဆံမှုမရှိဘဲ အာဆီယံအသိုက်အဝန်းထဲ ပြန်လည်ဝင်ရောက်ခွင့်ရရှိရေးအတွက် တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ကွာလာလမ်ပူမြို့၌ မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသွားသည်။

Red News Agency

By Editor