RNA_အောက်တိုဘာ(၈)၊၂၀၂၆ခုနှစ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် စစ်အုပ်စုလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များရှီရာ စုပေါင်းရုံးအား ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့သူ ဦးဇော်အောင်သည် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်များ၌ ရေမဆေးကျောက်ရှာသည့် အလုပ်သမားတစ်ဦးကို နှိပ်စက်သတ်ဖြတ်မှု ပါဝင်ပတ်သက်ခဲ့သူဖြစ်ကြောင်း ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။
အောက်တိုဘာ (၇) ရက် နေ့လည်ပိုင်းက ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းရှင်များနှင့် စစ်အုပ်စု လက်အောက်ခံ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်များ စုပေါင်းရုံး၌ တွေ့ဆုံပွဲကျင်းပနေချိန် ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ကချင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (KNDPC) မှ တာဝန်ခံ ဦးဇော်အောင် သေဆုံးခဲ့ခြင်း ဖြစ်သည်။
“ဦးဇော်အောင်က KNDPC ကုမ္ပဏီက တာဝန်ခံ။ သူ့ကုမ္ပဏီ ဆန်းကြွယ်ဆိုဒ်ခွဲမှာ ရေမဆေးကျောက်ရှာ ကုမ္ပဏီဝန်ထမ်းတစ်ဦးကို ကျောက်ခိုးတယ်ဆိုပြီး အခန်းတစ်ခုထဲချုပ်ထားတာ။ နောက် (၂) ရက်နေတော့ အသက်မရှိတော့ဘူး။ အလောင်းစစ်ဆေးကြည့်တော့ ညိုမဲ ဒဏ်ရာတွေနဲ့။ လူတစ်ယောက် ခိုးတယ်ဆိုတောင် အဲ့လိုလုပ်လို့မရဘူး။ ဥပဒေအရ ထောင်ချလေ။ အခုက တာဝန်ခံမှုလည်း မရှိဘူး”ဟု ဖားကန့်ဒေသခံက Red News Agency ကို ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလဆန်းပိုင်းက KNDPC ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးဖြစ်သည့် ကိုအောင်တင်ထွေး (ခ) ဂွတိုကို ကျောက်ခိုးသည်ဟု စွပ်စွဲကာ ကုမ္ပဏီ၏ ကြေးစားလူမိုက်များက ညှင်းပန်းနှိပ်စက်ပြီး ရိုက်နှက်စစ်ဆေးချိန် သေဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကုမ္ပဏီဝန်ထမ်းများက ဆန္ဒပြတောင်းဆိုမှုများရှိခဲ့ကြောင်း သိရသည်။
ကာမိုင်း-နန့်ယား-ဖားကန့် ကားလမ်းပြုပြင်ရေးအတွက် အုပ်ချုပ်ရေးအဖွဲ့များနှင့် လုပ်ငန်းရှင်များ စုပေါင်းရုံး၌ အစည်းအဝေးလုပ်နေချိန် ဒရုန်းဖြင့်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အုပ်ချုပ်ရေးအဖွဲ့ဝင်ထဲမှ တစ်ဦး မွေးနေ့ပွဲလုပ်ရန် စည်းဝေးနေချိန် ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းသာဖြစ်ကြောင်း ဖားကန့်ဒေသခံက ပြောသည်။
စစ်အုပ်စုလက်အောက်ခံ စုပေါင်းရုံး ဒရုန်းဖြင့်တိုက်ခိုက်ခံရမှုအတွင်း ဦးဇော်အောင်အပါအဝင် (၂) ဦးသေဆုံးကာ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ စုပေါင်းရုံးအား တိုက်ခိုက်ခဲ့သည့်အဖွဲ့သည် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များဟု သတင်းထွက်ပေါ်နေသော်လည်း Red News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။