“ရခိုင်ပြည်နယ်ရဲ့အတိတ်သမိုင်းမှာ ရိုဟင်ဂျာလူမျိုးနဲ့ ရခိုင်လူမျိုးတို့ ငြိမ်းချမ်းတဲ့လမ်းကြောင်း တခုပေါ် ရောက်ခဲ့ဖူးတယ်ဆိုတဲ့ သက်သေတွေပဲ။ သို့ပေမယ့် နိုင်ငံတော်အာဏာကို မတရားသိမ်းယူလိုက်တဲ့ အာဏာရှင်နေဝင်း လက်ထက်မှာတော့ သွေးခွဲအုပ်ချုပ်ဖို့ နည်းလမ်းတွေ ဖန်တီးခဲ့တယ်။ တည်ငြိမ်နေတဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာကိုတွေ ခိုးဝင်လူမျိုးတွေလိုပုံဖော်ခဲ့သလို၊ ရခိုင်လူမျိုးတွေကို ကာကွယ်ပေးတော့မလိုနဲ့ ရိုဟင်ဂျာတွေကို နှိပ်စက် အနိုင်ကျင့်ခဲ့တယ်။ ရိုဟင်ဂျာ ရွာတွေမှာ တိရိစ္ဆာန်သန်းခေါင်းစာရင်းအထိ ကောက်ယူခဲ့တယ်”
ရန်နိုင် – Wiper
စစ်ခေါင်းဆောင်တွေထဲမှာ လက်ရှိမင်းအောင်လှိုင်ခေါင်းဆောင်တဲ့ မျိုးဆက်က အညံ့ဆုံးမျိုးဆက်ဖြစ်ပြီး လက်ရှိအရေးအခင်းကို စစ်တပ်သုံးနိုင်သမျှနည်းလမ်းအစုံ သုံးပြီးပြီ ရှုံးနေဆဲပဲ။ တော်လှန်ရေးသမားအချင်းချင်း သွေးခွဲနည်း၊ ဗမာတော်လှန်ရေးသမားနဲ့ လူမျိုးစုတော်လှန်ရေးသမားသွေးခွဲနည်း၊ နိုင်ငံတကာ အင်အားစုတွေနဲ့ တော်လှန်ရေးအဖွဲ့တွေကို တည်ပေးခြင်း၊ နိုင်ငံခြား အကူအညီရှာဖွေတဲ့နည်း စတဲ့နည်းတွေ စုံနေပြီ အလုပ်မဖြစ်သေးဘူး။ ဒါ့ကြောင့် လူမျိုးရေးပဋိပက္ခကို ဖန်တီးတဲ့နည်းလမ်းဖြစ်တဲ့ ရိုဟင်ဂျာဆိုတဲ့ ဝှက်ဖဲကို သုံးလာခြင်းဖြစ်တယ်။
လွတ်လပ်ရေးမရခင် ၁၉၄၂ က ဒေသတွင်း နယ်မြေလုမှုတွေရှိပြီး သိပ်အစေးမကပ်တဲ့ လူမျိုးစု (၂)ခုက အစိုးရက ဖွဲ့စည်းပေးလိုက်တဲ့ နယ်စပ်စောင့်တပ် BTF မှာ လူများစုတွေဖြစ်တဲ့ ရခိုင်လူမျိုးတွေက ရိုဟင်ဂျာလူမျိုးတွေကို အနိုင်ကျင့်မှုတွေရှိခဲ့တယ်။ နောက်ပိုင်းမှာ ရိုဟင်ဂျာစစ်သည် (မူဂျာဟစ်) တွေက လက်နက်ကိုင်ကြတော့ ဒေသတွင်း ပဋိပက္ခတွေဖြစ်ပွားခဲ့တယ်။ ဒေသတွင်းပဋိပက္ခတွေကို စစ်ရေးနဲ့ နှိမ်နင်းပေမယ့် အမြစ်မပြတ်ခဲ့တာကြောင့် ၁၉၄၉ ဇူလိုင်လ(၃၀)ရက်နေ့မှာ ဝန်ကြီးချုပ် ဦးနုက (၂)ဖက် အမျိုးသားတွေပါတဲ့ စုံစမ်းရေးကော်မရှင်ကိုဖွဲ့ပြီး ပြသနာရဲ့ ဇစ်မြစ်ကိုရှာဖွေခဲ့တယ်။ တိုင်းရင်းသား အချင်းချင်း တန်းတူအခွင့်အရေး မျှတမှုမရှိခြင်းဆိုတဲ့ ပြဿနာရဲ့ဇစ်မြစ်ကိုရှာဖွေတွေ့ ရှိခဲ့တယ်။
၁၉၅၄ ခုနှစ်၊ စက်တင်ဘာ (၂၅) ရက်နေ့ ညနေ (၈)နာရီမှာ နိုင်ငံတော်အသံလွှင့်ဌာနကတဆင့် စစ်တွေခရိုင်အတွင်း နေထိုင်ကြတဲ့ ပြည်ထောင်စုတိုင်းရင်းသားအများစုက ရိုဟင်ဂျာအမျိုးသား ဖြစ်ကြတယ်လို့ ကြေငြာခဲ့တယ်။ ၁၉၆၁ ခု၊ မေလ(၁)ရက်နေ့မှာ အစိုးရကတ်ဘိနက်ရဲ့ တညီတညွတ် ဆုံးဖြတ်ချက်အရ ရိုဟင်ဂျာအများစု နေထိုင်တဲ့ မယုဒေသကို ဗဟိုအစိုးရကတိုက်ရိုက် အုပ်ချုပ်တဲ့ မေယုနယ်ခြားခရိုင်အဖြစ် သတ်မှတ်ပေးခဲ့တယ်။ တိုင်းရင်းသားတွေ တန်းတူရပိုင်ခွင့်တွေကို ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းပေးခဲ့ပြီး ကျောင်းသုံးစာအုပ်မှာ ဖော်ပြခြင်း၊ စွယ်စုံကျမ်းမှာ ဖော်ပြခြင်း၊ ၁၉၆၁ ခုနှစ်မှာ ရိုဟင်ဂျာဘာသာ စကားနဲ့ ဗမာအသံကနေ ရေဒီယိုအသံလွှင့်ခြင်း၊ အစိုးရ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ တန်းတူညီမျှအလုပ်ခန့် ခြင်း၊ ပြည်ထောင်စုနေ့အခမ်းအနားတွေမှာ တက်ရောက်ခွင့်ပေးခြင်း၊ ရိုဟင်ဂျာရိုးရာ ယဉ်ကျေးမှုတွေကို အမြတ်တနိုးပြသခွင့်ပေးခြင်းစတဲ့ အခွင့်ရေးတွေကို ကန့်ကွက်မှုတမတ်တစေ့မှ မရှိပဲ တညီတညွတ်တည်း ဖော်ဆောင်ပေးခဲ့ကြတယ်။
