“ရခိုင်ပြည်နယ်ရဲ့အတိတ်သမိုင်းမှာ ရိုဟင်ဂျာလူမျိုးနဲ့ ရခိုင်လူမျိုးတို့ ငြိမ်းချမ်းတဲ့လမ်းကြောင်း တခုပေါ် ရောက်ခဲ့ဖူးတယ်ဆိုတဲ့ သက်သေတွေပဲ။ သို့ပေမယ့် နိုင်ငံတော်အာဏာကို မတရားသိမ်းယူလိုက်တဲ့ အာဏာရှင်နေဝင်း လက်ထက်မှာတော့ သွေးခွဲအုပ်ချုပ်ဖို့ နည်းလမ်းတွေ ဖန်တီးခဲ့တယ်။ တည်ငြိမ်နေတဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာကိုတွေ ခိုးဝင်လူမျိုးတွေလိုပုံဖော်ခဲ့သလို၊ ရခိုင်လူမျိုးတွေကို ကာကွယ်ပေးတော့မလိုနဲ့ ရိုဟင်ဂျာတွေကို နှိပ်စက် အနိုင်ကျင့်ခဲ့တယ်။ ရိုဟင်ဂျာ ရွာတွေမှာ တိရိစ္ဆာန်သန်းခေါင်းစာရင်းအထိ ကောက်ယူခဲ့တယ်”
ရန်နိုင် – Wiper
စစ်ခေါင်းဆောင်တွေထဲမှာ လက်ရှိမင်းအောင်လှိုင်ခေါင်းဆောင်တဲ့ မျိုးဆက်က အညံ့ဆုံးမျိုးဆက်ဖြစ်ပြီး လက်ရှိအရေးအခင်းကို စစ်တပ်သုံးနိုင်သမျှနည်းလမ်းအစုံ သုံးပြီးပြီ ရှုံးနေဆဲပဲ။ တော်လှန်ရေးသမားအချင်းချင်း သွေးခွဲနည်း၊ ဗမာတော်လှန်ရေးသမားနဲ့ လူမျိုးစုတော်လှန်ရေးသမားသွေးခွဲနည်း၊ နိုင်ငံတကာ အင်အားစုတွေနဲ့ တော်လှန်ရေးအဖွဲ့တွေကို တည်ပေးခြင်း၊ နိုင်ငံခြား အကူအညီရှာဖွေတဲ့နည်း စတဲ့နည်းတွေ စုံနေပြီ အလုပ်မဖြစ်သေးဘူး။ ဒါ့ကြောင့် လူမျိုးရေးပဋိပက္ခကို ဖန်တီးတဲ့နည်းလမ်းဖြစ်တဲ့ ရိုဟင်ဂျာဆိုတဲ့ ဝှက်ဖဲကို သုံးလာခြင်းဖြစ်တယ်။
လွတ်လပ်ရေးမရခင် ၁၉၄၂ က ဒေသတွင်း နယ်မြေလုမှုတွေရှိပြီး သိပ်အစေးမကပ်တဲ့ လူမျိုးစု (၂)ခုက အစိုးရက ဖွဲ့စည်းပေးလိုက်တဲ့ နယ်စပ်စောင့်တပ် BTF မှာ လူများစုတွေဖြစ်တဲ့ ရခိုင်လူမျိုးတွေက ရိုဟင်ဂျာလူမျိုးတွေကို အနိုင်ကျင့်မှုတွေရှိခဲ့တယ်။ နောက်ပိုင်းမှာ ရိုဟင်ဂျာစစ်သည် (မူဂျာဟစ်) တွေက လက်နက်ကိုင်ကြတော့ ဒေသတွင်း ပဋိပက္ခတွေဖြစ်ပွားခဲ့တယ်။ ဒေသတွင်းပဋိပက္ခတွေကို စစ်ရေးနဲ့ နှိမ်နင်းပေမယ့် အမြစ်မပြတ်ခဲ့တာကြောင့် ၁၉၄၉ ဇူလိုင်လ(၃၀)ရက်နေ့မှာ ဝန်ကြီးချုပ် ဦးနုက (၂)ဖက် အမျိုးသားတွေပါတဲ့ စုံစမ်းရေးကော်မရှင်ကိုဖွဲ့ပြီး ပြသနာရဲ့ ဇစ်မြစ်ကိုရှာဖွေခဲ့တယ်။ တိုင်းရင်းသား အချင်းချင်း တန်းတူအခွင့်အရေး မျှတမှုမရှိခြင်းဆိုတဲ့ ပြဿနာရဲ့ဇစ်မြစ်ကိုရှာဖွေတွေ့ ရှိခဲ့တယ်။
၁၉၅၄ ခုနှစ်၊ စက်တင်ဘာ (၂၅) ရက်နေ့ ညနေ (၈)နာရီမှာ နိုင်ငံတော်အသံလွှင့်ဌာနကတဆင့် စစ်တွေခရိုင်အတွင်း နေထိုင်ကြတဲ့ ပြည်ထောင်စုတိုင်းရင်းသားအများစုက ရိုဟင်ဂျာအမျိုးသား ဖြစ်ကြတယ်လို့ ကြေငြာခဲ့တယ်။ ၁၉၆၁ ခု၊ မေလ(၁)ရက်နေ့မှာ အစိုးရကတ်ဘိနက်ရဲ့ တညီတညွတ် ဆုံးဖြတ်ချက်အရ ရိုဟင်ဂျာအများစု နေထိုင်တဲ့ မယုဒေသကို ဗဟိုအစိုးရကတိုက်ရိုက် အုပ်ချုပ်တဲ့ မေယုနယ်ခြားခရိုင်အဖြစ် သတ်မှတ်ပေးခဲ့တယ်။ တိုင်းရင်းသားတွေ တန်းတူရပိုင်ခွင့်တွေကို ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းပေးခဲ့ပြီး ကျောင်းသုံးစာအုပ်မှာ ဖော်ပြခြင်း၊ စွယ်စုံကျမ်းမှာ ဖော်ပြခြင်း၊ ၁၉၆၁ ခုနှစ်မှာ ရိုဟင်ဂျာဘာသာ စကားနဲ့ ဗမာအသံကနေ ရေဒီယိုအသံလွှင့်ခြင်း၊ အစိုးရ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ တန်းတူညီမျှအလုပ်ခန့် ခြင်း၊ ပြည်ထောင်စုနေ့အခမ်းအနားတွေမှာ တက်ရောက်ခွင့်ပေးခြင်း၊ ရိုဟင်ဂျာရိုးရာ ယဉ်ကျေးမှုတွေကို အမြတ်တနိုးပြသခွင့်ပေးခြင်းစတဲ့ အခွင့်ရေးတွေကို ကန့်ကွက်မှုတမတ်တစေ့မှ မရှိပဲ တညီတညွတ်တည်း ဖော်ဆောင်ပေးခဲ့ကြတယ်။
ဦးနုအစိုးရရဲ့ မဟာဗျူဟာ ကျကျဖြေရှင်းပေးမှုကြောင့် မီးဟုန်းဟုန်းတောက်နေ တဲ့ရခိုင်ပြည်ကြီးက ငြိမ်သက်သွားပြီး အေးချမ်းသာယာသွားခဲ့တယ်။ ရိုဟင်ဂျာစစ်သည် (မူဂျာဟစ်) တွေကလည်း လက်နက်ကိုင်ထားစရာမလိုတော့ပဲ ၁၉၆၁၊ ဇူလိုင်လ (၄) ရက်နေ့မှာ တသုတ်၊ ၁၉၆၁ ၊ ဇူလိုင်လ (၁၅)ရက်နေ့မှာ တသုတ် စစ်တပ်အရာရှိကြီးတွေလက်အောက်မှာ လက်နက်ချအလင်းဝင်လာခဲ့ကြတယ်။ (မူဂျာဟစ်) တွေရဲ့ လက်နက်ချ အခမ်းအနား အုတ်အုတ်ကျက်ကျက် ကျင်းပခဲ့ကြတယ်။ လက်နက်ကိုင်အဖွဲ့လည်း မရှိတော့ စစ်ပွဲ၊ စစ်မက်တွေလည်း နိဂုံးချုပ်ခဲ့လေပြီ။ ရခိုင်ပြည်ကြီး ခတ္တငြိမ်းချမ်းခဲ့သလို ရိုဟင်ဂျာ အမျိုးသားတွေလည်း အေးအေးချမ်းချမ်း နေနိုင်ခဲ့ကြပြီ။
ဒါတွေက ရခိုင်ပြည်နယ်ရဲ့အတိတ်သမိုင်းမှာ ရိုဟင်ဂျာလူမျိုးနဲ့ ရခိုင်လူမျိုးတို့ ငြိမ်းချမ်းတဲ့လမ်းကြောင်း တခုပေါ် ရောက်ခဲ့ဖူးတယ်ဆိုတဲ့ သက်သေတွေပဲ။ သို့ပေမယ့် နိုင်ငံတော်အာဏာကို မတရားသိမ်းယူလိုက်တဲ့ အာဏာရှင်နေဝင်း လက်ထက်မှာတော့ သွေးခွဲအုပ်ချုပ်ဖို့ နည်းလမ်းတွေ ဖန်တီးခဲ့တယ်။ တည်ငြိမ်နေတဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာကိုတွေ ခိုးဝင်လူမျိုးတွေလိုပုံဖော်ခဲ့သလို၊ ရခိုင်လူမျိုးတွေကို ကာကွယ်ပေးတော့မလိုနဲ့ ရိုဟင်ဂျာတွေကို နှိပ်စက် အနိုင်ကျင့်ခဲ့တယ်။ ရိုဟင်ဂျာ ရွာတွေမှာ တိရိစ္ဆာန်သန်းခေါင်းစာရင်းအထိ ကောက်ယူခဲ့တယ်။ တိုင်းရင်းသား ၁၃၅ မျိုးပဲ ရှိတယ်ဆိုတဲ့ဥပဒေကို စိတ်ကြိုက်ထုတ်ပြန်ခဲ့သလို တိုင်းရင်းသားစာရင်းထဲမှာ ရိုဟင်ဂျာလူမျိုး တွေကို ချန်လှပ်ခဲ့တယ်။ ဝန်ကြီးချုပ် ဦးနုက အရှေ့ပါကစ္စတန် လူမျိုးတွေကို ခေါ်သွင်းလာ သလို လုပ်ကြံဇာတ်လမ်းတွေ ဖန်တီးခဲ့တယ်။
သွေးခွဲဖို့အတွက် ၁၉၈၂ ဥပဒေကိုထုတ်ပြန်ခဲ့ပြီး ရိုဟင်ဂျာလူမျိုးတွေကို နိုင်ငံခြားသားလိုလို၊ ခိုးဝင်ဘင်္ဂါလီတွေလိုလို ပုံဖော်ဂျင်းထည့်ခဲ့တယ်။ လက်နက်ကိုင်ပြီး မွတ်စလင်ပြည်နယ် တောင်းနေတာကြောင့် ရခိုင်ပြည်နယ်ကို ကာကွယ်ဖို့၊ ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတွေကို ကာကွယ်ဖို့ဆိုတဲ့ မျိုးချစ်တွေအကြိုက် ဂျင်းဇာတ်လမ်းတွေနဲ့ သွေးခွဲခဲ့တယ်။ ရိုဟင်ဂျာနဲ့ ရခိုင်လူမျိုးတွေကို သွေးခွဲခဲ့သလို၊ တနိုင်ငံလုံးကိုလည်း ပြည်ပခိုးဝင် ဘင်္ဂါလီတွေကို နှိမ်နင်းနေတာလို့ ဝါဒဖြန့်သွေးခွဲခဲ့တယ်။ ပြည်သူတွေကလည်း ခိုးဝင်ဘင်္ဂါလီတွေကို စစ်တပ်က နှိမ်နင်းနေတာလို့ ခပ်ပေါ့ပေါ့သဘောထားပြီး လစ်လျူရှု့ခဲ့ကြတယ်။
အာဏာရှင်နေဝင်း လက်ထက်ကတည်းက စနစ်တကျဖန်တီးလာတဲ့ ရိုဟင်ဂျာနဲ့ရခိုင်၊ ကုလားနဲ့ရခိုင်၊ ကုလားနဲ့ဗမာ၊ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ ဆိုတာ အလွန်ကိုအကဲဆတ်တဲ့ အုပ်စု ၂ ခုရဲ့ ပဋိပက္ခတွေ ဖြစ်တယ်။ ဒီအုပ်စု (၂)ခု ပဋိပက္ခဖြစ်ရင် လက်နက်ရှိပြီး မိုးပေါ်ထောင်မပစ်ပဲ တည့်တည့်ပစ်မယ်ဆိုတဲ့ စစ်တပ်က ကယ်တင်ရှင်ဖြစ်နေအောင် ပဋိပက္ခတွေကို မကြာကြာဖန်တီးလေ့ရှိတယ်။ ပဋိပက္ခမီးစကို ဆုပ်ကိုင်ထားပြီး လိုအပ်တဲ့အချိန်တိုင်းမှာ အချိန်ကိုက်အသုံးချတတ်တယ်။
၁၉၉၇ မှာ ဖြစ်ခဲ့တဲ့ မန္တလေးမြို့က ရွှေမောဓောဘုရားကြီးကို စစ်တပ်ကဗိုက်ဖောက်တဲ့ကိစ္စကြောင့် သံဃာထုက ဆန္ဒပြသပိတ်မှောက်ခဲ့တယ်။သပိတ်မှောက်သံဃာထုတွေကို စစ်တပ်ထောက်လှမ်းရေးက “မင်း” “ငါ” ဆိုတဲ့ ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေနဲ့ ရိုက်နှက်နှိပ်စက်ခဲ့တာတွေ သံဃာတွေထောင်ချ တာတွေကို ပြည်သူလူထုက သိလာမှာစိုးတာကြောင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကိုဖန်တီးပေးလိုက်တယ်။ ရှဖီးနဲ့အေးနိုင်ဆိုတဲ့ “ဘာသာခြားညီအကိုက ဘုန်းကြီးတူမ နွားနို့သည် မလေးကို” ဆိုတဲ့ ခေါင်းစဉ်နဲ့ လူမျိုးရေး၊ ဘာသာရေး မီးမွှေးလိုက်တယ်။ သပိတ်မှောက် သံဃာတော် (၁၄၄)ပါ အဖမ်းခံရတာနဲ့ ရွှေမောဓောဘုရားကြီး ဗိုက်ဖောက်တဲ့ ကိစ္စပျောက်ပြီး လူမျိုးရေးအဓိကရုန်းဆီ ဦးတည်သွားခဲ့တယ်။ စစ်တပ်က ပြည်သူတွေညီညွတ်ပြီးစစ်တပ်ကို စုပေါင်းတိုက်ခိုက်တော့မယ့် အခြေနေဖြစ်လာခဲ့ရင် လူမျိုးရေး/ဘာသာရေး တွေနဲ့အုပ်စုခွဲပြီး ရန်တိုက်ပေးတော့တယ်။ ခြင်သေ့(၂)ကောင်ကို ရန်တိုက်ပေးပြီး အသေသားကို ထိုင်စားချင်နေတဲ့ မြေခွေးယုတ်လိုပဲ။
၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးလို ပြည်သူတွေဘက် ရပ်တည်ပေးတဲ့ သံဃာတော်တွေကို စစ်တပ်က အညှိုးထားခဲ့တယ်။ စစ်တပ်နဲ့ သံဃာတော် အစေးမကပ်ချိန်မှာ သံဃာတော်တွေ စစ်တပ်ဖက်ကို ပြန်ပါလာအောင် ၂၀၁၂ ရခိုင်ပြည်နယ်အရေးအခင်းကို ဖန်တီးခဲ့တယ်။ သာသနာ့အဆောက်အအုံ (၁၄) ခု အပါဝင် လူနေအိမ် နှစ်ထောင်ကျော် ပျက်စီးခဲ့ပြီး၊ ဒေသခံပြည် (၆၁၄၆၂) အိုးအိမ်မဲ့ခဲ့ရတယ်။ ၂၀၁၂ ရခိုင်ပြည်နယ် လူမျိုးရေးပဋိပက္ခအပြီးမှာ စစ်တပ်ခိုင်းသမျှ လိုက်လုပ်ပေးရတဲ့ ဝီရသူပါဝင်တဲ့ မ.ဘ.သ ဘုန်းကြီးတွေ ပေါ်လာတော့တယ်။
ဘာသာခြားမယူရ၊ တစ်လင်တစ်မယားဆိုတဲ့ မျိုးစောင့်ဥပဒေတွေနဲ့ မ.ဘ.သ ဘုန်းကြီးတွေ အမျိုးသမီးတွေရဲ့ လင်ယူသားမွေးကိစ္စမှာ ဝင်ရောက်စွတ်ဖက်နေတော့တယ်။ ဒါတွေတင်မကပဲ ဘာသာရေးပဋိပက္ခလဲ မကြာကြာဖန်တီးတတ်သေးတယ်။ ၂၀၁၃ ခု၊ မိထ္တီလာမြို့က ရွှေဆိုင်မှာ သာမာန်အရောင်းအဝယ်ကိစ္စ စကားများတာကို လူမျိုးရေး၊ ဘာသာရေးအသွင် ဖန်တီးလိုက်တာကြောင့် ပြည်သူအသက်ပေါင်းများစွာ သေခဲ့ရပြီး နေအိမ်တွေလည်း မီးလောင်ပျက်စီးခံရတယ်။ ၂၀၁၄ မှာလည်း လှည်းကူးမြို့နယ်၊ မြို့မဈေးအတွင်း မိုးကာရောင်းတဲ့ဆိုင်(၂)ဆိုင် ဖောက်သည်လုရင်း စကားများတာကို လူမျိုးရေးအသွင် ဖန်တီးပြီး မွတ်စလင်ဈေးဆိုင်အချို့ဖျက်ဆီးခဲ့တယ်။
စစ်တပ်က လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဖန်တီးဖို့အတွက် မ.ဘ.သ ဘုန်းကြီးတွေကို တော်လှန်ရေး ကာလအတွင်းမှာလည်း ထုတ်သုံးလေ့ရှိတယ်။ မကြာခင်က ဖြစ်ပွားခဲ့တဲ့ ပဲခူးတိုင်း၊ ဖြူးမြို့နယ်က သမီးရည်းစား လူသတ်မှုကို “ဘာသာြခားက ဗမာမလေးကို လည်လှီးတယ်” ဆိုတဲ့ သွေးထိုးခေါင်းစဉ်နဲ့ မ.ဘ.သ ဘုန်းကြီးတွေက စစ်တပ်အတွက် ပဋိပက္ခဖန်တီးဖို့ ကြိုးစားပေးခဲ့တာဖြစ်တယ်။ ၁၉၆၂ စစ်တပ်အာဏာသိမ်းပြီးကတည်းက လူမျိုးရေး၊ ဘာသာရေး သွေးခွဲဖို့အတွက် ဖန်တီးထားခဲ့တဲ့ ရခိုင်လူမျိုးနဲ့ ရိုဟင်ဂျာလူမျိုးတို့ရဲ့ လူမျိုးရေးပြဿနာက နှစ်ရှည်လများမြုံနေတဲ့ အနာဟောင်းပဲ။ ဒီအနာဟောင်းကို ဆားခတ်ဖို့အတွက် စစ်ရှုံးနေတဲ့ အကြမ်း ဖက်စစ်တပ်က သေးရေးရှင်ရေးပစ်မှတ်ထားပြီး နည်းအမျိုးမျိုးနဲ့တိုက်ခိုက်လာတယ်။
ဒါ့ကြောင့်လည်း စစ်တပ်ရဲ့လုပ်နေကျ နည်းလမ်းအတိုင်း စည်းလုံးနေတဲ့ တော်လှန်ရေး အင်အားစုတွေကို သွေးကွဲပြီးအချင်းချင်း တိုက်ခိုက်လာအောင် ကြိုးစားလာတယ်။ ပြိုကွဲပြီး အချင်းချင်း တိုက်ခိုက်ကြရင် အချောင်အခွင့်ရေး ရနိုင်တယ်ဆိုတဲ့ ယူဆချက်ကြောင့်ဖြစ်တယ်။ သမိုင်းစဉ်ဆက် ကယ်တင်ရှင်အဖြစ်နဲ့ နိုင်ငံရေးမှာ ရပ်တည်ချင်တဲ့ အကြမ်းဖက်စစ်တပ်က တနိုင်ငံလုံး အချင်းချင်းတိုက်ခိုက်ရင်း ကူကယ်ရာ မဲ့နေစေချင်တယ်။
တပြည်လုံးနီးပါး သိမ်းထားနိုင်တဲ့ AA အာရက္ခတပ်တော်ကို နိုင်ငံတကာမှာ ရိုဟင်ဂျာလူမျိုးရေး ပဋိပက္ခနဲ့ ပုံဖျက်ဖို့ ဖန်တီးခဲ့တယ်။ တနိုင်ငံလုံးစစ်မျက်နှာတွေမှာ ထိုးစစ်မရှိတော့ပဲ၊ ခံစစ်နဲ့ တပ်ပျက်၊ တပ်ပြေး၊ ထွက်ပြေးနေတဲ့ စစ်တပ်အတွက် လူမျိုးရေး၊ ဘာသာရေးဆိုတာ ချောင်ပိတ်ရိုက်ခံနေရတဲ့ ခွေးတကောင်ရဲ့ နောက်ဆုံး ရုန်းအားဆိုပေမယ့် ပြည်သူလူထုတွေလဲ သတိမလစ် မမေ့လျော့ဖို့လိုကြောင်း အသိပေးတင်ပြလိုက်ရပါတယ်။ ။
Red News Agency