အာဏာသိမ်း မင်းအောင်လှိုင်လက်ထက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု မလုံလောက်၍ အလှည့်ကျမီးဖြတ်နေ

RNA_ဒီဇင်ဘာ ၈၊ ၂၀၂၂ ခုနှစ် ။
 
ရွေးကောက်ခံပြည်သူ့အစိုးရထံမှ အကြမ်းဖက်အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်ထက် မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု မလုံလောက်သည့်အတွက်  အလှည့်ကျ မီးဖြတ် မီးပေး လုပ်နေရကြောင်း သိရသည်။
 
ရွေးကောက်ပွဲမှတဆင့် အစိုးရဖြစ်လာသည့် NLD လက်ထက်တွင် နွေရာသီလောက်သာ မီးပျက်မှုများရှိပြီး၊ တိုင်းနှင့်ပြည်နယ်အနှံ့တွင် လျှပ်စစ်မီးရရှိရေးကြိုးပမ်းခဲ့သော်လည်း မင်းအောင်လှိုင်လက်ထက် ကျေးလက်မီးလင်းရေးမှာ မျှော်လင့်ချက်မရှိတော့သည့်အပြင် မီးရရှိသည့်ကျေးရွာများတွင်ပင် မီးမရရှိတော့ကြောင်း သိရသည်။

မိုးရာသီကုန်ဆုံးသွား၍ ဓါတ်အားစနစ်အတွင်းရှိ ရေအားလျှပ်စစ်စက်ရုံများမှ ဓါတ်အားထုတ်လုပ်နိုင်မှု လျော့နည်းလာမှု၊ သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်စက်ရုံအချို့ ပြင်ဆင်ထိန်းသိမ်းနေရမှု လာမည့်နွေရာသီကာလ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန်အတွက် ရေလှောင်တမံများရှိ သိုလှောင်ဆည်ရေကို မျှတထိန်းညှိ မောင်းနှင်နေရမှု စသည့် အကြောင်းပြချက်များကြောင့်  လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု မလုံလောက်သည်အတွက် အလှည့်ကျ မီးဖြတ်နေရဟု စစ်ကောင်စီလက်အောက်ခံ YESCက ထုတ်ပြန်အသိပေးထားသည်။
 
ယခုရက်ပိုင်း ရန်ကုန်တိုင်း မြို့နယ် အများအပြားတွင် မီးဆိုးဝါးစွာ မကြာခဏ မီးပျက်နေခြင်းကြောင့် ပြည်သူများ၏နေ့စဉ်လုပ်ငန်းဆောင်တာများ အခက်အခဲဖြစ်ပေါ်နေကြောင်း၊ ကျေးလက်မီးလင်းရေးအတွင်း လျှပ်စစ်မီးရရှိထားသည့် ကျေးရွာများတွင်လည်း မီးမလာသည့် ရက်များလာကြောင်း ဒေသခံများထံမှ သိရသည်။
 
#RedNewsAgency
By Editor