စစ်ရုံးချုပ်များ ရှိနေပြီဖြစ်သည့်အတွက် စစ်ဆင်ရေးများ ပိုမိုအောင်မြင်လာမည်

စစ်တိုင်းသုံးခုမှာ စစ်ရုံးချုပ်များ ရှိနေပြီဖြစ်သည့်အတွက် စစ်ဆင်ရေးများ ပိုမိုအောင်မြင်လာမည်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော
 
RNA_ဒီဇင်ဘာ(၈)၊၂၀၂၂ ခုနှစ်။
 
မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် မြောက်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်း၊ တောင်ပိုင်းတိုင်းတို့တွင် စစ်ရုံးချုပ်များ ရှိလာပြီဖြစ်သည့်အတွက် စစ်ဆင်ရေးများ ပိုမိုအောင်မြင်လာမည်ဖြစ်ပြီး Chain of Command ( အမိန့်ပေးစနစ်ယန္တရား) တည်ဆောက်မှု စနစ်တကျရှိလာပြီဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးရည်မွန်က ပြောသည်။
 
NUG ကာကွယ်ရေးဝန်ကြီးဌာနတွင် စစ်ဆင်ရေးဌာန၊ စစ်ထောက်လှမ်း ရေးဌာန၊ စစ်ရေးဌာန၊ စစ်ထောက်ဌာနနှင့် ပြည်သူ့လုံခြုံရေးဌာနတို့ဖြင့် လုပ်ဆောင်နေကြောင်း၊ ပြည်သူနှင့်ပူးပေါင်းလာသည့် တပ်မတော်သားများအနေဖြင့်လည်း ကျွမ်းကျင်မှုနှင့်အတွေ့အကြုံပေါ်မူတည်ပြီး သက်ဆိုင်ရာဌာနခွဲများတွင် တာဝန်ထမ်းဆောင်နေကြောင်း စသည်တို့ကို ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ဒီဇင်ဘာလ ၇ ရက်နေ့ NUG ရေဒီယို အသံလွှင့်အစီအစဉ်ကနေ ပြောကြားလိုက်ခြင်း ဖြစ်သည်။
 
“ PDF စစ်ရုံးချုပ် ထူထောင်နိုင်ပြီဖြစ်တဲ့အတွက် ငါတို့ တပ်မတော်ရဲ့ Chain of Command တည်ဆောက်မှုဟာ ပိုပြီး စနစ်တကျရှိလာပြီလို့ ဆိုရမယ်၊ စစ်ရေးအတွေ့အကြုံရှိပြီးသား ခေါင်းဆောင်များရဲ့ ဦးဆောင်မှုနဲ့ ဆင်နွှဲတဲ့ စစ်ဆင်ရေးအစီအစဉ်တွေဟာ ရှေ့မှာပိုပြီး ဗျူဟာမြောက် ပိုပြီးထိရောက် အောင်မြင်မှုရှိလိမ့်မယ်လို့ ငါတို့ယုံကြည်တယ်” ဟု ဦးရည်မွန်က ပြောကြားထားသည်။

NUG အနေဖြင့် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်းထားသည့် စစ်ဒေသ သုံးခုရှိပြီး စစ်တိုင်းများ၏ စစ်ဒေသမှူးများဖြစ်သည့် မဟာမိတ် ERO စစ်အရာရှိ ထိပ်ပိုင်းခေါင်းဆောင်များက တာဝန်ယူထားကြောင်း၊ ပြည်သူ့တော်လှန်ရေးအောင်မြင်ရန် Chain of Command ကောင်းသည့် ပြည်သူ့စစ်တပ် တည်ဆောက်ရမည်ဖြစ်ကြောင်း စသည်တို့ကို ဦးရည်မွန်က ပြောကြားခဲ့သည်။
 
#RedNewsAgency
By Editor