NLD ပါတီဝင်များအပါအဝင် ပြည်သူ (၆) ဦးကို ပျူစောထီးအဖွဲ့က သတ်ဖြတ်

RNA_ဒီဇင်ဘာ(၇)၊၂၀၂၂ ခုနှစ်။
 
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မင်းရွာမှ အသက် (၁၇) နှစ်အရွယ် ပါအဝင် အမျိုးသား (၆) ဦးကို စစ်ကောင်စီလက်အောက်ခံ မြင်းခြံမြို့ သီတာယုမွန် ခေါင်းဆောင်သော ပျူစောထီးအဖွဲ့က ဒီဇင်ဘာလ ၆ ရက်နေ့က ကားနှစ်စီးနှင့်ဖမ်းဆီးခေါ်ဆောင်သွားပြီး ရက်စက်စွာ သတ်ဖြတ်သွားကြောင်း သိရသည်။
မင်းရွာမှ NLD ပါတီဝင်များဖြစ်သည့် ဦးကျော်ဆောင်၊ ဦးခင်မောင်စိန်၊ကိုမင်းဇော်၊ ကိုဟန်တင်နှင့် ကိုစိုးပိုင်၊ ကိုအောင်ကိုမင်း (အသက် ၁၇ နှစ်) တို့ကို စစ်ကောင်စီတပ်လက်အောက်ခံ ပျူစောထီးအဖွဲ့က လက်ပြန်ကြိုးတုပ်ကာ ဦးခေါင်းကို သေနတ်ဖြင့်ပစ်ခတ်ကာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

“မနေ့ညက နွားထိုးကြီးမြို့နယ်သို့ မြင်းခြံ သီတာယုမွန် ခေါင်းဆောင်သော ပျူအဖွဲ့များ ည၉နာရီခန့်တွင် ကား ၂စီးဖြင့်ရောက်ရှိလာပြီး မင်းရွာကျေးရွာမှ ပြည်သူ ( ၆ ) ဦးကို သုံးဦးတစ်တွဲစီဖြင့် ရက်စက်စွာ သတ်ဖြတ်ခဲ့” ဟု တောင်သာလူထုလှုပ်ရှားမှုကော်မတီက ထုတ်ပြန်ထားသည်။
 
စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်ရေး (နွေဦးတော်လှန်ရေး) တွင် ပြည်သူများနှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အဖွဲ့ဝင်များ သတ်ဖြတ်ခံနေရကြောင်း၊ စစ်ကောင်စီတပ်သည် လက်အောက်ခံပြုလုပ်သည့် သူများကို စစ်သင်တန်းများပေးကာ လက်နက်များတပ်ဆင်ထားပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးပြုလုပ်သူများကို အကြောင်းမဲ့ သတ်ဖြတ်နေကြောင်း၊ မန္တလေးတိုင်းအတွင်းရှိ မြင်းခြံ ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်များတွင် ပျူစောထီးအများအပြားရှိကြောင်း သိရသည်။
 
#RedNewsAgency
By Editor