သေးဆူးလဲတိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် ရဲဘော်ဒို ဈာပန ပြုလုပ်

RNA_ဒီဇင်ဘာ ( ၃)၊၂၀၂၂ ခုနှစ်

ကရင်နီပြည်(ကယား)၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူးလဲတိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၅) မှ ကျဆုံးခဲ့သည့် ရဲဘော်ဒို ဈာပနအခမ်းအနားကို ဒီဇင်ဘာ (၁) ရက်နေ့က ပြုလုပ်ခဲ့သည်။

ကရင်နီပြည် အမျိုးသားကာကွယ်ရေးတပ်နှင့် ဒေသခံမဟာမိတ် တပ်ပေါင်းစု တပ်ဖွဲ့များက သေးဆူးလဲရွာအနီးဝန်ကျင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် နိုဝင်ဘာလ (၂၉) ရက်နေ့ တိုက်ပွဲတွင် ရဲဘော်ဒို ကျဆုံးခဲ့ရသည်။

“ဒီဇင်ဘာလ (၁)ရက်နေ့တွင် ရဲဘော်ဒိုအား နောက်ဆုံးနှုတ်ဆက်အလေးပြုခဲ့ကြပြီး ရဲဘော်ဒို၏ ကျဆုံးမှုသည် မိမိတို့ရဲဘော်ရဲဘက်များနှင့် စစ်အာဏာရှင်အားအတူ တကွတိုက်ထုတ် နေကြသူများအတွက် ဆုံးရှုံးမှုတခုဖြစ်ပါသည်။ ရဲဘော်ဒို၏ ကျဆုံးမှုအတွက် စိတ်မကောင်းခြင်းကြီးစွာဖြင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၅)မှာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ် (၅) သတင်းနှင့်ပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်ထားသည်။

ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာ၊ သေးဆူလဲ၊ပူဖားနှင့်ဒေါကမီးရွာများအပါအဝင် သေးဆူးလဲစစ်မျက်နှာတွင် တပ်စွဲနေသော စစ်ကောင်စီတပ်သားများကို ကရင်နီတပ်မတော် (KA)၊ အလယ်ပိုင်းတိုင်း PDF၊ DMO PDFနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF B-01, B-06, B-07, B-05) ပူးပေါင်းတပ်များမှ နို၀င်ဘာလ (၂၉) ရက်နေ့ နံနက် (၆) နာရီ (၂၀) မိနစ်ဝန်းကျင်မှစတင်ကာ တိုက်ခဲ့ပြီး ယမန်နေ့က နယ်မြေအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

Red News Agency

By Editor