စစ်အုပ်စုအား အမြန်ချေမှုန်းသုတ်သင်ရန် NUG သမ္မတတိုက်တွန်း

RNA_နိုဝင်ဘာ (၂၂)၊၂၀၂၂ ခုနှစ်။
မဟာမိတ်တပ်ပေါင်းစုများနှင့်အတူ စစ်အုပ်စု တခုလုံးကို အလျင်အမြန်ချေမှုန်းသုတ်သင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ယာယီသမ္မတ ဒူဝါလရှီးလ ကတိုက်တွန်းလိုက်သည်။
လက်နက်ကိုင် ပဋိပက္ခရှည်ကြာသည်နှင့်အမျှ တိုင်းပြည်နှင့်ပြည်သူများသည် ဆိုးသထက်ဆိုးလာဖို့ရှိိသည့်အတွက် အကြမ်းဖက်စစ်အုပ်စုကို အမြစ်ပြတ်ချေမှုန်းသုတ်သင်နိုင်ရေးက အဓိကဖြစ်ပြီး မဟာမိတ်စစ်ရေးတပ်ပေါင်းစုနှင့် တွန်းလှန်ရန်လိုအပ်ကြောင်း (၇၅)ကြိမ်မြောက်အစိုးရအဖွဲ့ အစည်းအဝေးမှာ တိုက်တွန်းထားသည်။
“ကျွန်တော်တို့ဟာ တော်လှန်ရေးအစိုးရ တစ်ရပ်အနေနဲ့ လူထုရှေ့မှာ မားမား မတ်မတ်ရပ်တည်နေတဲ့ အစိုးရဖြစ်ပေမယ့် တစ်ဖက်မှာလည်း တည်ဆောက်ရေးအတွက် လူထုအားကိုး အားထားထိုက်တဲ့ အစိုးရတစ်ရပ် ဖြစ်နေဖို့ ကြိုးစားနေရပါလိမ့်မယ်” ဟုလည်း ယာယီသမ္မတက ပြောကြားခဲ့သည်။
ပြည်တွင်းစစ်ကြာရှည်သည်နှင့်အမျှ နှစ်ပေါင်းများစွာ လက်နက်ကိုင်တိုက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် နယ်မြေအလိုက် လွတ်မြောက်နယ်မြေနှင့် စိုးမိုးနယ်မြေများရှိကြောင်း၊ နွေဦးတော်လှန်ရေးမှပေါ်ပေါက်လာသည့် ခုခံစစ်နှင့်အတူ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတို့တွင်လည်း မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်နယ်မြေစိုးမိုးမှု မလုပ်နိုင်သည့်အနေအထားများ ရှိလာပြီဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည်လည်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကို လက်နက်ကိုင်တိုက်ခိုက်နေပြီး၊ မဟာမိတ် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်များကလည်း စစ်ကောင်စီကို လက်နက်ကိုင်တိုက်ခိုက်နေကြသည်။
By Editor