စစ်ကောင်စီတပ်နှင့်AAတို့ ဖြစ်ပွားနေသည့်တိုက်ပွဲ (၅) ရက်မှာ စစ်ကောင်စီဘက်က (၂၄) ဦးသေဆုံး

RNA_နိုဝင်ဘာ (၂)၊၂၀၂၂ ခုနှစ်။
 
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မောင်တောမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် – AA နှင့် အောက်တိုဘာလ ၂၆ ၊ ၂၇၊ ၂၉၊ ၃၁ ရက်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က (၂၄) ဦးသေဆုံးကာ ဒဏ်ရာရရှိသူများပြားခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ (၂၆) ရက်နေ့ ညနေပိုင်းက ရသေ့တောင်မြို့နယ်၊ ချိန်ခါလီရွာ မြောက်ဖက် မီတာ၃၀၀ ခန့်အကွာတိုက်ပွဲတွင် စစ်ကောင်စီတပ်က (၄) ဦးသေဆုံးကြောင်း၊ အောက်တိုဘာ (၂၇) ရက်နေ့ နေ့လည်က ဘူးသီးတောင်မြို့နယ်၊ တောင်ရွာ (မူဆလင်ကျေးရွာ)၏ အနောက်ဖက်မီတာ (၅၀၀) ခန့်အကွာတိုက်ပွဲတွင် တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၀၉) နှင့် (၂၁၀) ပူးပေါင်းတပ်ဖွဲ့ဘက်မှ (၁၁) ဦးသေဆုံးခဲ့ပြီး၊ အောက်တိုဘာလ (၂၉) ရက်နေ့ နံနက်ပိုင်းက ကျောက်တော်မြို့နယ်၊ ရုပ်သားရွာအနီး တိုက်ပွဲတွင် ခမရ (၃၇၄) တပ်ရင်းဘက်မှ (၅) ဦးသေဆုံးခဲ့ကြောင်း၊ နေ့လယ် (၂) နာရီ (၁၀) မိနစ်ခန့်တွင် ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာ၏ အနောက်ဖက်၊ မီတာ (၈၀၀) ခန့်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က (၁) ဦးသေဆုံးကြောင်း၊ အောက်တိုဘာ (၃၁) ရက်နေ့၊ နေ့လယ် (၂) နာရီခန့်မှ ၄ နာရီဝန်းကျင်အထိ မောင်တောမြို့နယ်မြောက်ပိုင်း၊ သာယာကုန်း(ရခိုင်ရွာ)၏ မြောက်ဖက် (၁.၃) ကီလိုမီတာခန့်အကွာ တိုက်ပွဲတွင် တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၀၁) တပ်ရင်းမှ (၃) ဦးသေဆုံးခဲ့သည်ဟု ရက္ခိုင့်တပ်တော်က ယမန်နေ့က ထုတ်ပြန်ထားသည်။

ရက္ခိုင်ဒေသအတွင်း စစ်ကောင်စီတပ်နှင့် AA တပ်ဖွဲ့ဝင်များ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေပြီး၊ စစ်ကောင်စီတပ်သည် ရခိုင်ပြည်နယ်အတွင်း AA တပ်ဖွဲ့ဝင်များရှိမည်ဟု ထင်သည့်နေရာကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲကာ အောက်တိုဘာလအတွင်း ဒေသခံပြည်သူ (၆) ဦးသေဆုံးကာ (၂၁) ဦးဒဏ်ရာရရှိခဲ့သည်ဟု AA ၏ နိုဝင်ဘာလ (၁) ရက်နေ့ည ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
Red News Agency
By Editor