PDF အနေဖြင့် ABSDFအပေါ် ညီနောင် ရဲဘော်ရဲဘက်များအဖြစ် မှတ်ယူသည်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

RNA_နိုဝင်ဘာ ၁၊ ၂၀၂၂ ခုနှစ် ။
 
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အနေဖြင့်ဆိုရင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ကျောင်းသားတပ်မတော်အပေါ် ညီနောင် ရဲဘော်ရဲဘက်များအဖြစ် မှတ်ယူပြီး ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားထားသည်။
 
၂၀၂၂ ခုနှစ် မှာ ကျရောက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးတည်ထောင်ခြင်း (၃၄) နှစ်ပြည့်သို့ ဒီနေ့(နိုဝင်ဘာလ ၁) NUG ၊ကာကွယ်ရေးဝန်ကြီးက ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားသည်။
Photo : ABSDF

“ABSDF ရဲဘော်များ ခင်ဗျားမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDFတည်ထောင်ခြင်း (၃၄) နှစ်မြောက် အထိမ်း အမှတ်နေ့ကို အခုလို သဝဏ်လွှာ ပို့ခွင့်ရတဲ့အတွက် အထူး ဂုဏ်ယူတယ်။တော်လှန်ရေးလောကဓံ အမျိုးမျိုးကို ဘယ်လိုပင်ကြုံခဲ့ရပေမယ့် အခုလို သံမဏိသက်ရှည် ရပ်တည် ရှင်သန်ခဲ့တယ်ဆိုတာက ABSDF ရဲဘော်တွေအတွက်ကော၊ မြန်မာပြည်သူများအတွက်ပါ ဂုဏ်ယူစရာ ဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အနေနဲ့ဆိုရင် ကျောင်းသားတပ်မတော် အပေါ် ညီနောင် ရဲဘော်ရဲဘက်များအဖြစ် မှတ်ယူပြီး ဖြစ်တယ်” လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့သည်။
Photo : ABSDF
Photo : ABSDF

၁၉၈၈ လူထုအရေးတော်ပုံမှသည် ဒီကနေ့နွေဦးပြည်သူ့တော်လှန်ရေးကာလအထိ ပြည်သူနဲ့အတူတကွ ရပ်တည်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးစစ်ပွဲမှာ အရေးကြီးတဲ့ တော်လှန်ရေး အဖွဲ့အစည်းတစ်ခုအဖြစ် ရှေ့ဆောင်ပါဝင်နေတာဆိုတာက ကျောင်းသားတပ်မတော်ရဲ့ သမိုင်း ဖြစ်ကြောင်း သူက ဆက်ပြောထားပြီး ABSDF အဓွန့်ရှည်ပါစေ၊ ပြည်သူ့တော်လှန်စစ် မုချအောင်ရမည် လို့လည်း ဦးရည်မွန်က ပြောကြားထားသည်။

Red News Agency
By Editor