စစ်ရာဇဝတ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိပါက အပြစ်ပေးနိုင်ရေး အမြန်ဆုံးဆောင်ရွက်မည်ဟု NUG ထုတ်ပြန် 

RNA_စက်တင်ဘာ(၂၇)၊၂၀၂၂ခုနှစ်။

အကြမ်းဖက် ဖက်ဆစ်စစ်တပ်မှ စစ်ရာဇဝတ်မှု ကျူးလွန်သူများကို အမှုဖွင့်တရားစွဲဆိုခြင်း၊ ဝရမ်းထုတ်ခြင်း၊ လက်ရဖမ်းဆီးခြင်း၊ ဖမ်းဆီးရမိပါက တရားဥပဒေအရ တရားစီရင် အပြစ်ပေးခြင်းများကို မြန်ဆုံးဆောင်ရွက်နိုင်ရေး အဆောတလျင် ဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ – NUGက ထုတ်ပြန်ထားသည်။

လက်ယက်ကုန်းအပါအဝင် ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ (၁) ရက် နေ့ရက်မှစပြီး ယနေ့ ( ၂၀၂၂ ခုနှစ် စက်တင် ဘာ ၂၆ ရက်) အချိန်အထိ အသက်(၁၈) နှစ်အောက် ကလေးသူငယ် (၂၃၄) ဦးကို သတ်ဖြတ်ခဲ့ပြီး၊ (၃၆၃) မှာ ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟုအမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့်ကလေး သူငယ်ရေးရာဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

” လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုဖြစ်စဉ်များကို ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ တာဝန်ရှိသူများအားလုံး ထိုက်တန်သည့် ပြစ်ဒဏ်များကို တရားဥပဒေရှေ့မှောက်တွင် ပြန်လည် ခံစားရရှိနိုင်စေရေးကို အမြန်ဆုံးဆောင်ရွက်နိုင်ရန်အတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက် နေပြီဖြစ်ကြောင်း အသိပေးပြောကြားလိုပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်း သားမဟာမိတ် တို့၏ စိုးမိုးထိမ်းချုပ်နယ်မြေများကို အခြေပြု၍ စစ်ရာဇဝတ်မှုကျူးလွန်သူများအား အမှုဖွင့်တရား စွဲဆိုခြင်း၊ ဝရမ်းထုတ်ခြင်း၊ လက်ရဖမ်းဆီးခြင်း၊ ဖမ်းဆီးရမိပါက တရားဥပဒေအရ တရားစီရင် အပြစ်ပေးခြင်းများကို အမြန်ဆုံးဆောင်ရွက်နိုင်ရေး အဆော တလျင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်” ဟု NUGက စက်တင်ဘာလ (၂၆) ရက်နေ့က ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁၆) ရက် နေ့လည် (၁) နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်း ကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့်တွဲလျက်ရှိသော စာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စု၏ MI 35 ရဟတ်ယာဉ်က ဝေဟင်မှ၊ ခြေလျင်တပ်ရင်း ၃၆၈က မြေပြင်မှ နေ၍ တစ်နာရီကြာ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဥ်တွင် စုစုပေါင်း ကလေး သူငယ် ၆ ဦး သေဆုံးခဲ့ပြီး ကလေးများ၏ ရုပ်အလောင်းများကို မိဘများအား မပေးအပ်ဘဲ အကြမ်းဖက်စစ်တပ်က ပီနံအိတ်များအတွင်းထည့်ကာ သယ်ဆောင်သွားခဲ့ပြီး၊ နောက်ထပ် ကလေး(၁) ဦးမှာ ရေဦးဆေးရုံတွင် ထပ်မံသေဆုံးခဲ့သည်ဟု အတည်ပြုနိုင်ပါသည်။

လက်ယက်ကုန်းကျေးရွာဖြစ်စဉ်တွင် အပြစ်မဲ့ ပြည်သူ ၆ ဦး သေဆုံးခဲ့ရပြီး ပြည်သူများ၏ ရုပ်အလောင်းများအား မိသားစုသို့ပေးခဲ့သည်။ ကလေး (၇) ဦး၊ လူကြီး (၆) ဦး စုစုပေါင်း (၁၃) ဦး သေဆုံးခဲ့သည်။ ကျောင်းအတွင်းရှိ ကျောင်းသား/ သူ ကလေးငယ် နှင့် ဆရာ၊ဆရာမ ကျေးရွာရပ်မိ ရပ်ဖ (၂၁) ဦးအား ဓါးစာခံ အဖြစ် ဖမ်းဆီးပြီး ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်ဟု NUG ၏ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာသို့ မြေပြင်၊ လေကြောင်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပါအဝင် ၂၀၂၁ ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်း ကနီမြို့နယ်ရှိ တောင်ပေါက်ရွာ၊ ကြက်ချောင်းတောတိုက်ရွာ၊ ယင်းရွာ၊ ကုန်းသာရွာတို့တွင် လူ (၄၀) ကျော် သတ်ဖြတ်ခဲ့ခြင်း၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ရက်နေ့တွင် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာ၌ အမျိုး သမီး၊ ကလေးငယ်နှင့် Save the Children မှ ဝန်ထမ်းနှစ်ဦးအပါအဝင် (၄၉) ဦးအား မီးရှို့သတ်ဖြတ်ခဲ့ကြောင်း၊ ၂၀၂၂ ဇန်နဝါရီလ (၆) ရက်နေ့တွင် ချင်းပြည်နယ် မတူပီမြို့နယ်၌ သတင်းထောက်တစ်ဦးနှင့် ကလေးငယ်တစ်ဦးအပါအဝင် (၁၁) ဦးကို ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့ခြင်း၊ ၂၀၂၂ ဧပြီလ (၁၉) ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း၊ ရွာငံ ပဲရင်းတောင်ရွာ၌ အမျိုးသား (၉) ဦးကို မီးရှို့သတ်ဖြတ်ခဲ့ခြင်း ၊ ၂၀၂၂ ခုနှစ် မေ ၁၂ ရက်နေ့တွင် ရေဦးမြို့နယ် မုန်တိုင်ပင်ရွာ၌ (၂၈) ဦးကို မီးရှို့သတ်ဖြတ်ခဲ့ခြင်း၊ ဒီဇင်ဘာ ၇၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် ဒုန်းတောရွာ၌ ၁၄ နှစ်မှ ၁၇ နှစ် အကြား ကလေး သူငယ်လေးဦး အပါအဝင် ဒေသခံ (၁၀) ဦးကို သတ်ဖြတ်ခဲ့ခြင်း စသည့် လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

Red News Agency

By Editor