ဆန္ဒပြနေရုံ PDFတွေအတွက် လိုအပ်တာလေး အလှူခံပေးနေရရုံနဲ့ အားမရလို့ လက်နက်ကိုင်လမ်းစဉ်ရွေးခဲ့သူ ယောနယ်က သူနာပြုဆရာမလေး 

လိုအပ်လာရင် လက်နက်ကိုင်တိုက်ပွဲ၀င်နိုင်ဖို့ ထီးလင်းPDFက သင်ကြားပေးတဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၃တက်ရောက် ထားပါတယ်။ လက်နက်ကိုင်လမ်းစဉ်ရွေးရတာက ဆန္ဒပြနေရုံ PDFတွေအတွက် လိုအပ်တာလေးအလှူခံပေးနေရရုံနဲ့အားမရလို့ပါ

ယောနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တခုမှာ ပါဝင်ပြီးတော့ ဒေသလိုအပ်ချက်အရ တပ်တွင်းကျန်းမာရေးတာဝန်ခံနှင့် ဆေး၊ ဘဏ္ဍာငွေ ရှာဖွေရေး တာဝန်ထမ်းဆောင်နေတဲ့ သူနာပြုဆရာမလေးလဲဖြစ် စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည့် ဆရာမ Stella Wai ကို Red News Agency ကမေးမြန်းထားသည်။

RNA ။ ဆရာမ Stella Wai အနေနဲ့ အဏာမသိမ်းခင်က ဘာတွေလုပ်ခဲ့လဲ၊ အာဏာသိမ်းပြီးနောက် ဘယ်လို အခန်းကဏ္ဍတွေမှာ ပါဝင်ခဲ့လဲ အခု လက်ရှိ တော်လှန်ရေးမှာ ဘယ်နေရာက ပါဝင်နေလဲ ဆိုတာ ပြောပြပေးပါ။

Stella Wai ။ အရင်အာဏာမသိမ်းခင်က ပုဂ္ဂလိက ဆေးရုံတွေမှာ Case On ပါတယ်။ PKU သူနာပြုသားဖွား 6th batch midwifery ကျောင်းဆင်းပါ အာဏာသိမ်းပြီးနောက်မှ အာဏာဖီဆန်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ /ကိုယ်တတ်နိုင်သလောက် CDM Supportကိစ္စတွေ /PDFထဲမ၀င်ခင်က PDF အတွက် လိုအပ်တာတွေကို အလှူခံပေးတာစတဲ့ အနည်းအကျဉ်းကိစ္စလေးတွေမှာ ပါ၀င်ဆောင်ရွက်ဖူးပါတယ်။ ၂၀၂၁ ၊ ၁၀ လပိုင်း ၂၁ ရက်နေ့က ထီးလင်း PDFမှာ လိုအပ်ချက်အရ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ တောထဲစရောက်ခဲ့ပါတယ်၊ အခုကတော့ တပ်တွင်းကျန်းမာရေးတာ၀န်ခံနဲ့ ဆေး၊ ဘဏ္ဍာရှာဖွေရေး တာဝန်ထမ်းဆောင်နေပါတယ်။ 

RNA ။ စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ထိ ပြင်ဆင်ထားလား။ ဘာ့ကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးရတာလဲ။ 

Stella Wai ။ လိုအပ်လာရင် လက်နက်ကိုင်တိုက်ပွဲ၀င်နိုင်ဖို့ ထီးလင်းPDFက သင်ကြားပေးတဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၃တက်ရောက် ထားပါတယ်။ လက်နက်ကိုင်လမ်းစဉ်ရွေးရတာက ဆန္ဒပြနေရုံ PDFတွေအတွက် လိုအပ်တာလေးအလှူခံပေးနေရရုံနဲ့အားမရလို့ပါ။ 

RNA ။ အခု စစ်ဘေးရှောင်တွေ ဒေသခံတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးရတဲ့အခါ ဘာအခက်အခဲတွေရှိလဲ၊ ပြီးတော့ ဒေသခံတွေရဲ့ စစ်အာဏာရှင်ပေါ်ထားတဲ့ သဘောထားကကော ဘယ်လိုတွေရှိလဲ ဆရာမ။ 

Stella Wai ။ စစ်ဘေးရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုသွားရတဲ့နေရာက စခတွေ တပ်ထိုင်ထားတဲ့နေရာနဲ့အရမ်းနီးနေလို့ လုံခြုံရေးကအစ သေချာပြင်ဆင်ပြီးမှသွားခဲ့ရတယ်။ အားပေးစကားတောင်သေချာမပြောခဲ့ရဘဲ မြန်မြန်ပြန်ဆုတ်လာရတယ် လုံခြုံရေးစိတ်မချရတဲ့အခက် အခဲလေးတခုနဲ့ ဆေးဝါးပစ္စည်းလုံလောက်စွာ ပေးမထားနိုင်ခဲ့တဲ့အခက်အခဲလေးတွေဘဲကြုံခဲ့ရပါတယ်။ ဒေသခံတွေကတော့ အာဏာရှင်ကိုမကြိုက်ကြတာ သေချာပါတယ်။ ဥပမာပေးရရင်  ကျမတို့သွားတာ ရွာကလူတွေ ထွက်မှမပြေးကြဘဲ စခလာကြည့် ဘယ်ပြည်သူမှ အေးဆေးနေနေလို့မရဘူး ထွက်ပြေးနေကြရတာဘဲ သာမန်ရှုထောင့်ကနေကြည့်ရင်တောင် သိသာပါတယ်။ 

RNA ။ ဆရာမသွားလာ လှုပ်ရှားနေရတဲ့ နယ်မြေမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ပွဲအနေအထားက ဘယ်လိုရှိလဲ၊ ဆရာမက ရှေ့တန်း တိုက်ပွဲအတွင်းထိ ရဲဘော်တွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့ လိုက်ခဲ့ဖူးတာတွေရှိလား။ 

Stella Wai ။ ဒီဘက်မှာ စစ်ကြောင်းထိုးနေတာ ကြာပြီ စကစနဲ့PDFတွေက တိုက်ပွဲမကြာခဏဖြစ်နေကြပေမဲ့ လက်နက်ခဲယမ်းအင်အားမမျှရင် ဘာမှမတတ်နိုင်ကြပါဘူး တိုက်ပွဲ Mission ဖော်ဖို့ လက်နက်ခဲယမ်းအင်အား လိုအပ်နေတာလေးတွေတော့ရှိပါတယ်။ ရှေ့တန်းအထိတော့လိုက်ပြီးကျန်းမာရေးစောင့်ရှောက်မှု မပေးရသေးပါဘူး ကျမတို့ Medical Team ထဲက ယောကျာ်းလေး ဆေးတပ်သားတွေဘဲလိုက်ပြီး‌ ကျန်းမာရေးစောင့်ရှောက်မှုပေးရပါတယ်။ 

RNA ။ စစ်အာဏာရှင်တော်လှန်ရေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမှာပါဝင်နေတဲ့အမျိုးသမီးတွေ၊ ဆေးတပ်ဖွဲ့ဝင် အမျိုးသမီးတွေ၊ ထောက်ပို့လုပ်နေကြတဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ဆရာမအမြင်သဘောထားကို သိချင်ပါတယ်။ 

 Stella Wai ။ မိန်းခလေးတွေပေမဲ့ တောထဲလာပြီး မိဘနဲ့ အဝေးခံ အလှအပတွေကိုဂရုမစိုက် အနေဆင်းရဲ အစားဆင်းရဲ အခြေအနေအရ လိုင်းမမိတဲ့နေရာမှာ မျက်စိပိတ် နားပိတ်နေခဲ့ကြရတယ်။ ဒီလို ဒုက္ခခံ တော်လှန်ရေးလာလုပ်ကြတာနဲ့တင် လေးစားပြီးသားပါ အာဂမိန်းမသားတွေပေါ့။ 

RNA ။ တော်လှန်ရေးနဲ့ပတ်သက်ပြီး ဆရာမရဲ့ ခံယူချက်ကို သိချင်ပါတယ်၊ ပြည်သူတွေကိုကော ဘာပြောချင်သေးလဲ။ 

Stella Wai ။ တော်လှန်ရေးနဲ့ပတ်သက်ပြီးကျမခံယူချက်က အခြေအနေပေးခဲ့ရင် ဒီမိုကရေစီမရမချင်း အဆုံးထိတိုက်ပွဲ၀င်မှာပါ။ အခုအချိန်ဟာ အာဏာရှင်ကို အမြစ်ဖြတ်တိုက်ထုတ်ဖို့ အကောင်းဆုံးအချိန်ပါ။ ပြည်သူပြည်သားအားလုံး တစ်စိတ်ထဲထားပြီး တော်လှန်ရေးအပေါ်မှာ သွေးအေးမသွားကြဖို့လည်း တောင်းပန်ပါရစေ။

RNA ။ ဆရာမနေနဲ့ လက်နက်ကိုင်တော်လှန်ရေးနဲ့ ပတ်သက်ပြီး ပြောချင်တာရှိရင် ပြောနိုင်ပါတယ်ခင်ဗျ။ ပြည်သူများကိုကော ဘာများထပ်ပြောချင်ပါသေးလဲ။

Stella Wai ။ တိုက်ပွဲ၀င်နေကြတဲ့တော်လှန်ရေးရဲဘော်တွေအပေါ်မှာ နွေးနွေးထွေးထွေးဆက်ဆံပေးကြပါ။ ရဲဘော်တွေဟာ ဘ၀ အသက် အချိန် အနာဂတ် အားလုံးစွန့်ပြီးတိုက်ပွဲ၀င်နေကြတဲ့အချိန်မှာ သူတို့ရဲ့ ရင်ဖွင့်စကားတွေ တော်လှန်ရေးအကြောင်းတွေပြောလာရင်  အချိန်လေးလောက်တော့ သူတို့အတွက်စွန့်ကြဲပြီး အားပေးစေချင်ပါတယ်။ အလှူငွေအများကြီးထည့်နိုင်မှ မဟုတ်ပါဘူး အားပေးစကားသည်လည်း ရဲဘော်တွေအတွက် ခွန်အားဖြစ်စေပါတယ်။ Social Punishment ဟာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေအတွက်မဟုတ်ပါဘူး၊ စကစ ထောက်တိုင် ဘောမတွေအတွက်သာဖြစ်ပါတယ်။ ငွေအားလူအားမတတ်နိုင်ရင်တောင် နှုတ်ဖြင့်စောက်မခြင်းနဲ့ ရဲဘော်တွေအပေါ်နွေးထွေးပေးကြပါ။သာမန် life မှာ နေနေကြတဲ့လူတွေကလည်း ပျော်ကြပါးကြစားကြသောက်ကြတာလေးတွေအတွက် ရဲဘော်တွေကို အားနာသောအားဖြင့် သိုသိပ်စွာပျော်ကြပါးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ တောထဲနေကြရတဲ့ ရဲဘော်တွေအတွက် စိတ်ဓာတ်ကျခြင်းဟာ Social Media ကနေ အစပြုတာပါ အခုအချိန်အထိ တော်လှန်ရေးအပေါ်မှာ အာဏာသိမ်းစကတည်းကနေ မဆုတ်မနစ် လှူပေးကူပေးနေကြတဲ့ ပြည်သူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။  

ငါတို့သည် ဖယ်ဒရယ်ဒီမိုကရေစီမရမချင်း အရိုးကြေကြေ အရေခမ်းခမ်းအသက်ကိုစွန့်၍ တိုက်ပွဲ၀င်သွားပါမည်ဟု သစ္စာဓိဌာန်ပြုပါသည်ဆိုတဲ့ သစ္စာပြုချက်အတိုင်း ပြည်သူအားလုံးမျှော်လင့်တဲ့ ဒီမိုကရေစီရဖို့ တတ်စွမ်းနိုင်သည့်ဘက်ကနေ တာ၀န်ထမ်းဆောင်သွားပါ့မယ်ရှင်။ 

 RNA ။ အခုလို တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ခံယူချက် လက်ရှိအနေအထားတွေကို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ။ 

Red News Agency

By Editor